ဖားကန့်၊ တနိုင်း၊ ပုသိမ်းကြီးနှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊  ၁၈  ဇန်နဝါရီ

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၇ ရက် နံနက် ၁၁ နာရီခွဲတွင် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ နန့်ယားကျေးရွာအုပ်စု၊ နန့်ယားကျေးရွာရှိ မဒဘန်ခေါန်နူး (ခ)စံပယ်ဦး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၇၇၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၄၅ ပြားနှင့် ဘိန်းစိမ်း သုည ဒသမ ၀၁ ကီလိုကိုလည်းကောင်း။

 

အလားတူ ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တနိုင်းမြို့၊ ဒူးကောင်းရပ်ကွက်နေ မတင်မာလင်း၏ နေအိမ်သို့ဝင်ရောက် ရှာဖွေရာ ၎င်းနှင့်အတူ မဂျာဘောက်၊ မောင်ဦး၊ မအာဒူးနိုတို့အား ဘိန်းဖြူ သုည ဒသမ ၅၅ ကီလို၊ ဘိန်းဖြူ သုည ဒသမ ၀၈ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅,၁၃၀ ကိုလည်းကောင်း။

 

ထို့အတူ ယင်းနေ့ ညနေ ၅ နာရီခန့်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ (၁၆)မိုင်စစ်ဆေးရေးစခန်းတွင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၇၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညပိုင်းတွင် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက် (က)၊ ပုံလို့လမ်းတွင် ဇော်မင်းထွန်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ်နှင့် ကျနူး(ခ)ယာခါး လိုက်ပါ မောင်းနှင်လာသော မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀,၀၀၀ ကိုလည်း ကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား