ဖျာပုံမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတုများ သိမ်းဆည်းရမိ

နေပြည်တော်  ၂၇  မတ်

 

ဖျာပုံမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတုများ သိမ်းဆည်းရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ ဖျာပုံမြို့နယ် ဂျိုဝါကြံခင်းကျေးရွာ၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတုများအား Wave Money ဖြင့် လွှဲပေးနေကြောင်း သတင်းအရ မတ် ၂၆ ရက် နံနက် ၄ နာရီခွဲတွင် ကျုံကျိုက်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးစဉ် ကျုံကျိုက်ကျေးရွာဘက်မှ ဂျိုဝါကြံခင်းကျေးရွာဘက်သို့ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေ အောင်အောင်(၃၄)နှစ်ပါ ၆ ဦးအား ဆိုင်ကယ် ၃ စီးဖြင့် မသင်္ကာဖွယ်တွေ့ရှိ၍ စစ်ဆေးရာ ၎င်းတို့ထံမှ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၃၀ ရွက်နှင့် ငွေ ၃၆၆,၁၀၀ ကျပ်တို့အား သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

 

ထို့ပြင် ၎င်းတို့အားစစ်မေးရာ လွန်ခဲ့သော ၁ လခန့်က သင်္ဃန်းကျွန်းမြို့နယ် ရခိုင်ကျောင်းမှတ်တိုင်အနီးနေ ကိုပေါက်မှ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၃၀၀ ရွက်အားပေးပြီး Wave Money မှတစ်ဆင့် ပြန်လည်လွှဲပေးခိုင်း၍ ဖျာပုံမြို့နယ် ဒေါ်ညိမ်း၊ ဘုန်းကြီးသောင်၊ ကုလားထိပ်၊ နောက်မီးကျေးရွာများရှိ Wave Money ဆိုင်များမှ ငွေကျပ် ၁၇ သိန်းအား ကိုပေါက်ထံ လွှဲပေးခဲ့ကြောင်း၊ လွှဲပေးခအဖြစ် ငွေကျပ် ၁ သိန်းလျှင် ၁၈,၀၀၀ နှုန်းရရှိကြောင်း၊ ကျန်ရှိသည့် ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၃၀ ရွက်အား ဂျိုဝါကြံခင်းကျေးရွာ၌ Wave Money ဖြင့် လွှဲပေးရန် ထွက်ခွာလာစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ 

 

ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်အောင်ပါ ၆ ဦးအား ဖျာပုံမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

(ရဲပြန်ကြား)