ဖျော်ဖြေမှုကိုခံစားကြည့်ရှု စိတ်ရွှင်လန်းမှုဖန်တီး

၂ ဧပြီ

 

မျက်မှောက်ကာလတွင် ကိုဗစ်-၁၉ရောဂါကြောင့် လူစုလူဝေးများဖြစ်ပေါ်စေသည့် ပွဲလမ်းသဘင်များ၊ အခမ်းအနားများကို တားမြစ်ပိတ်ပင်ထားသည်။ ကိုဗစ်-၁၉ ရောဂါသည် လူတစ်ဦးမှတစ်ဦးသို့ လွယ်ကူစွာကူးစက်မြန်သောရောဂါဖြစ်၍ လူစုလူဝေးများကို ရှောင်ရှားရခြင်းဖြစ်သည်။ ယခုအခါ ပွဲလမ်းသဘင်အခမ်းအနားများ ပြုလုပ်ခြင်းကို တားမြစ်ထားပြီးဖြစ်ရာ မကြာမီရောက်ရှိတော့မည့် တစ်နိုင်ငံလုံးဆင်နွှဲသည့် မြန်မာ့ယဉ်ကျေးမှု သင်္ကြန်ပွဲတော်တွင် လူစုလူဝေးဖြင့် ပျော်ရွှင်ခြင်းကိုရှောင်ရှားပြီး ဘေးအန္တရာယ်ကင်းစေမည့် ကိုယ်စိတ်နှစ်ပါး ရွှင်လန်းမှုကို ဦးတည်ကြ ရမည် ဖြစ်သည်။

 

ပြည်သူများက သင်္ကြန်ပွဲတော်ကာလတွင် လူစုလူဝေးဖြင့် လည်ပတ်ခြင်းကို ရှောင်ရှားသင့်သည်ဖြစ်၍ မိမိတို့နေအိမ်တွင်ပင် မိမိတို့မိသားစုနှင့်အတူ သင့်လျော်သော အစီအစဉ်တစ်ခုခုဖြင့် သင်္ကြန်ပွဲတော်ကာလကို ဖြတ်သန်းကြရမည်ဖြစ်သည်။ မိသားစုများအနေဖြင့် ရုပ်ရှင်ကြည့်ရှုခြင်းဖြင့် ကိုယ်စိတ်နှစ်ပါးပျော်ရွှင်စွာ အပန်းဖြေခြင်း အစီအစဉ်သည် လျော်ကန်သင့်မြတ်သော အစီအစဉ်တစ်ခုဖြစ်သည်။ ထိုအစီအစဉ်ကို ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ စီစဉ်ပေးထားသည်ဟု သိရှိရသည်။

 

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်ဟူသည့် ရည်မှန်းချက်နှင့်အညီ ပြည်သူများအတွက် မိမိတို့၏နေအိမ်တွင်ပင် အစီအစဉ်များ ကြည့်ရှုနိုင်ရန် နေ့စဉ်ထုတ်လွှင့်ပေးနေသည်။ ယခု ၂၀၂၀ ပြည့်နှစ် ဧပြီလ သင်္ကြန်ပွဲတော်ကာလတွင် သင်္ကြန်ပွဲတော် အထူးအစီအစဉ်အဖြစ် မြန်မာ့ရုပ်ရှင်နှစ် ၁၀ဝ ဖြတ်သန်းခဲ့သောကာလအတွင်း ရုံတင်ပြသခဲ့သည့် ထင်ရှားကျော်ကြား လူကြိုက်များသော ရုပ်ရှင်ဇာတ်ကားကောင်းများကိုပြသမည်ဖြစ်ရာ ပရိသတ်များ ကျေနပ်ပျော်ရွှင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။

၂၀၂၀ ပြည့်နှစ် ဧပြီလ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့ အထိ မြန်မာ့ရိုးရာ သင်္ကြန်ပိတ်ရက်ကာလအတွင်း မူလပြသနေသည့် ရုပ်သံဇာတ်လမ်းတွဲများ အပြင် မိသားစုနှင့်အတူ အပန်းဖြေကြည့်ရှုနားယူကြမည့် မိဘပြည်သူများအတွက် အထူးအစီအစဉ်အဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထင်ရှားကျော်ကြားသည့် မြန်မာရုပ်ရှင်ဇာတ်ကားကောင်းများ၊ သင်္ကြန်နှင့်ပတ်သက်သည့် ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားကောင်းများကို နေ့စဉ် မွန်းလွဲပိုင်းနှင့် ညပိုင်းတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ ခေတ်ပေါ်ရုပ်ရှင်ဇာတ်ကားများ၊ ခေတ်ဟောင်းရုပ်ရှင် ဇာတ်ကားကောင်းများတွင် ပြည်သူများ စိတ်လက်အပန်းပြေ ပျော်ရွှင်မှုရသများကို ပေးစွမ်းနိုင်မည့် ဇာတ်ကား များကိုလည်း ရွေးနုတ်တင်ဆက်ပေးသွားမည်ဖြစ်သည်။

 

ရုပ်ရှင်သည် ပြည်သူအတွက်ဖြစ်သည်ဟု အစဉ်အဆက်ဆိုခဲ့ သည့်အတိုင်း ဖျော်ဖြေမှုလည်းပါ အနုပညာလည်းမြောက်ပြီး နိုင်ငံနှင့် ပြည်သူကို အကျိုးပြုသော ရုပ်ရှင်ဇာတ်ကားကောင်းများမှ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်များ၏ ဖန်တီးတင်ဆက်မှုများသည် အစဉ်အဆက် အကျိုးပြုနေဆဲဖြစ်သည်။ မွန်းကျပ်နေသော ပြည်သူလူထု၏လူမှုဘဝများတွင် ရုပ်ရှင်သည် စိတ်လက်ပေါ့ပါး လန်းဆန်းရွှင်လန်းတက်ကြွမှုကို ဖြစ်စေသည့်အပြင် ပြည်သူလူထုအတွက် အသိပညာဗဟုသုတများလည်း ရရှိစေပါသည်။

 

ယခုကဲ့သို့ တစ်ကမ္ဘာလုံး၊ တစ်တိုင်းပြည်လုံး ကိုဗစ်-၁၉ ရောဂါ ကြောင့် စိုးရိမ်ပူပန်မှုမြင့်တက်နေချိန်၊ ပြည်သူအများ လူစုလူဝေးများကို ရှောင်ရှား၍ မိမိတို့နေအိမ်တွင်သာ နေထိုင်သင့်သော အချိန်အခါတွင် အသိအမြင်ဗဟုသုတ တိုးပွားရေး၊ ပျော်ရွှင်လန်းဆန်းမှုဖြစ်ရေး အစီအစဉ်ကောင်းများကို မျှဝေပေးခြင်း အားဖြင့် ပြည်သူလူထု ရောဂါဘေးအန္တရာယ် ကင်းဝေးစေရေးအတွက်သာမက စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ချမ်းမြေ့စေရေး အတွက်ပါ အထောက်အပံ့ကောင်းများ ဖြစ်စေပါသည်။

 

သို့ဖြစ်ရာ အများပြည်သူ အလုပ်ပိတ်ရက်သာမက အများပြည်သူ နေအိမ်များ၌ နေထိုင်ရသောအချိန်ကာလများတွင် ရုပ်ရှင်ဇာတ်လမ်းများ ဖြင့် အပန်းဖြေခြင်းသည် ကောင်းမွန်သောအစီအစဉ်တစ်ခုဖြစ်ပြီး သင်္ကြန်ပိတ်ရက်ကာလအတွင်း ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စီစဉ်ပြသမည်ဖြစ်သော မြန်မာရုပ်ရှင်ဇာတ်ကားကောင်းများကို အပန်းလည်းဖြေရင်း၊ မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်ကိုလည်း ဂုဏ်ပြုရင်းဖြင့် ပရိသတ်များ နှစ်သက်သဘောကျလိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။

 

ကြေးမုံ