ဖိလစ်ပိုင် တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူ ၁၇ ဦးရှိ

၄ ဒီဇင်ဘာ

 

ပြီးခဲ့သည့် တနင်္လာနေ့မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုနှင့်လေပြင်းများ တိုက်ခတ်သော တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်အလယ်ပိုင်း ဆာမာပြည်နယ်များနှင့် လူဇုန်ကျွန်းတောင်ပိုင်းတွင် ပျက်စီးမှုများပြားခဲ့ပြီး ၁၇ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု သဘာဝဘေးအန္တရာယ်ကင်းရှင်းရေး အေဂျင်စီနှင့် ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ယနေ့ပြောကြားခဲ့သည်။

 

တိုင်ဖွန်းမုန်တိုင်း ကမ်မူရီ သည် တောင်တရုတ်ပင်လယ်ပြင်သို့ ဦးတည်ကာ တစ်နာရီလျှင် ၁၅ ကီလိုမီတာနှုန်းဖြင့် အနောက်မြောက်-အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနေကြောင်း ဖိလစ်ပိုင် လေထု၊ ဘူမိရူပဗေဒနှင့် နက္ခတ္တဗေဒဆိုင်ရာ အဖွဲ့အစည်း (PAGASA) က ပြောကြားခဲ့သည်။

 

ဒေသဆိုင်ရာ သဘာဝဘေးအန္တရာယ်ကင်းရှင်းရေး အေဂျင်စီနှင့် ဖိလစ်ပိုင် ရဲတပ်ဖွဲ့မှ ကောက်ယူခဲ့သော အစီရင်ခံစာများအရ ထိုတိုင်ဖွန်းမုန်တိုင်းကြောင့် ၁၇ ဦးသေဆုံးခဲ့ကြောင်းနှင့် ယင်းသေဆုံးသူများမှာ  ကာမာရီနစ် ဆာပြည်နယ်တွင် သုံးဦး၊ ဆောဆိုဂွန် ပြည်နယ်တွင် နှစ်ဦး၊ အိုရမ်တယ် မင်ဒိုရို ပြည်နယ်တွင် ငါးဦး၊ မာရင်ဒူကူ ပြည်နယ်တွင် နှစ်ဦး၊ လေတီပြည်နယ်တွင် တစ်ဦး၊ ဘာတန်ဂတ်ပြည်နယ်တွင် တစ်ဦးနှင့် ကွီဇွန် ပြည်နယ်တွင် တစ်ဦးတို့ ဖြစ်ကြကြောင်း သိရသည်။

 

ထိုသေဆုံးသူများမှာ ရေနစ်သေဆုံးခြင်း၊ သစ်ပင်များလဲကျခြင်း၊ သစ်ကိုင်းများကျိုးကျခြင်း၊ လျှပ်စီးလက်ခြင်းနှင့် နှလုံးရောဂါခံစားရခြင်းတို့ဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

 

၁၈ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း ထိုအစီရင်ခံစာတွင် ထပ်လောင်းဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို