ဖိလစ်ပိုင်အကျဉ်းထောင်တွင် ဆူပူအုံကြွမှုဖြစ်ပွား အကျဉ်းသား ကိုးဦး သေဆုံး

၉ အောက်တိုဘာ

 

ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာရှိ အကျဉ်းသားများပြည့်ကျပ်နေသော အကျဉ်းထောင်တစ်ခုတွင် ယနေ့မနက်အရုဏ်မတက်မီအချိန်က ဆူပူအုံကြွမှု ဖြစ်ပွားခဲ့ပြီး အကျဉ်းသား ကိုးဦးထက်မနည်း သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

မနီလာမြို့တော်ရှိ ဘီလီဘစ်အကျဉ်းထောင်တွင် မနက် ၂ နာရီ ၃၀ မိနစ်ခန့်က ပြိုင်ဘက်ဂိုဏ်းနှစ်ခု ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

 

ရဲတပ်ဖွဲ့၏ကနဦးထုတ်ပြန်ချက်တွင် မနက် လေးနာရီခန့်တွင် အခြေအနေတည်ငြိမ်သွားသည်မှလွဲ၍ ယင်းဖြစ်ရပ်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

 

ထိုအကျဉ်းထောင်လုံခြုံမှုအမြင့်ဆုံးနေရာတွင် ယင်းသို့ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနက အတည်ပြုပြောကြားခဲ့သည်။

 

အဆိုပါ ပဋိပက္ခဖြစ်ပွားမှုတွင် သေဆုံးခဲ့သည့် အကျဉ်းသားအရေအတွက်ကို မသိရသေးသော်လည်း တရားဝင်ထုတ်ပြန်ချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

 

အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယင်းဆူပူအုံကြွမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို