ဖိလစ်ပိုင်တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးသူ ၂၂ ဦး ထိ ရှိလာ

၃၀ အောက်တိုဘာ

 

ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖုန်းမုန်တိုင်း မိုလာ့ဗ်တိုက်ခတ်မှုကြောင့် သေဆုံးသူ ၂၂ ဦး ရှိလာကြောင်း ဘေးအန္တရာယ်ဆိုင်ရာအေဂျင်စီက ယနေ့ ပြောကြားခဲ့သည်။

 

အမျိုးသားသဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် စီမံခန့်ခွဲမှုကောင်စီ (NDRRMC) က တနင်္ဂနွေနေ့မှအင်္ဂါနေ့အထိ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် လေးဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ၃၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်အတွင်း ၁၇ ကြိမ်မြောက်ဖြစ်သောအပူပိုင်းမုန်တိုင်း တိုင်ဖုန်းမုန်တိုင်း မိုလာ့ဗ်တိုက်ခတ်မှုကြောင့် ယခုသီတင်းပတ်အစောပိုင်းကဖိလစ်ပိုင်အလယ်ပိုင်းနှင့် လူဇုန်ကျွန်းတွင် ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။ ထိုဒေသခုနစ်ခုရှိ ကျေးရွာ ၂၄၆၉ ရွာရှိ လူပေါင်း ၇၇၅၅၁၃ ဦး အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည်။

 

လေပြင်းကျခြင်းနှင့်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အခြေခံအဆောက်အအုံနှင့် သီးနှံများ ပျက်စီးသွားခဲ့သည်ဟု ထိုအေဂျင်စီ က ဆိုသည်။

 

တနင်္ဂနွေနေ့ည သို့မဟုတ် တနင်္လာနေ့မနက်တွင် လူဇုန်ကျွန်းအရှေ့ဘက်ကမ်းခြေတွင် တိုင်ဖုန်းမုန်တိုင်း ဂိုနီ တိုက်ခတ်လာနိုင်သည်ဟု ခန့်မှန်းထားကြောင်း ရာသီဉတုသတင်းအချက်အလက်ဆိုင်ရာ အဖွဲ့က ယနေ့တွင် ပြောကြားခဲ့သည်။

 

ဖိလစ်ပိုင်နိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း တိုင်ဖုန်းမုန်တိုင်းနှင့် အပူပိုင်းမုန်တိုင်း အကြိမ် ၂၀ ခန့်တိုက်ခတ်နေသည်။

 

ဖိလစ်ပိုင်နိုင်ငံသည် သဘာဝဘေးအန္တရာယ်များကြောင့် ၂၀၁၀ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၉ ဒသမ ၅၆ သန်း ဆုံးရှုံးခဲ့ရသည်ဟု ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို