ဖခင်ဒေါက်တာဦးစံဘော်၏ အရိုးခွဲစိတ်ကုသပညာဆိုင်ရာ ဖြည့်ဆည်းလုပ်ဆောင်ချက်အချို့

ဒေါက်တာမြင့်ဇံ

 

၂၀၁၇ ခုနှစ် နိုဝင်ဘာလ၂၁ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် “ကမ္ဘာသိကျော်ကြားခဲ့သော မြန်မာ့ဂုဏ်ဆောင် အရိုးခွဲစိတ်ကုဆရာဝန်ကြီး” ဆောင်းပါးကို ဖတ်ရှုရ၍ စာရေးဆရာတင်မောင်အေး (ကန့်ဘလူ) နှင့် ဆောင်းပါး ကို ဖော်ပြပေးသော ကြေးမုံသတင်းစာ စာတည်းအဖွဲ့တို့ကို ကျေးဇူးတင်ပါသည်။ ။

 

ဆရာတင်မောင်အေး(ကန့်ဘလူ)၏ ဆောင်းပါးတွင် ဖော်ပြခဲ့သော ကျွန်တော့်ဖခင်နှင့် ကျွန်တော့်ဖခင်၏ ဆင်စွယ်ရိုးဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရေးသားထားသည့် အချက်အလက်များမှ ကျွန်တော် သတိမမူခဲ့သည့် အကြောင်းအရာ (သို့မဟုတ်) အချက်အလက်တစ်ခုအကြောင်းကို ဦးစွာဖော်ပြလိုပါသည်။

 

ဆင်စွယ်သုတေသနလုပ်ငန်း

 

ကျွန်တော့်ဖခင် အဓိကပင်တိုင် တာဝန်ထမ်းဆောင်ခဲ့သည့် မန္တလေးမြို့မှာ ဖခင်၏ သုတေသနလုပ်ငန်းအတွက် (တစ်နည်းဆိုရလျှင်) “ဘူမိနက်သန်” မှန်သော မြေနေရာဒေသ ဖြစ်ကြောင်းကို ဆရာတင်မောင်အေး (ကန့်ဘလူ) က ထောက်ပြခဲ့ပါသည်။ မန္တလေးမြို့တွင် မြန်မာ့ရိုးရာ လက်မှုပညာရှင်များ၊ ဆင်စွယ်ပန်းပု ထုနိုင်သော ပညာရှင်များရှိခြင်းကြောင့် ဖခင်ဒေါက်တာ ဦးစံဘော်၏ ဆင်စွယ်ဆိုင်ရာ သုတေသနလုပ်ငန်းများအတွက် “ရေကန်အသင့်ကြောအတင့်” ဖြစ်နေကြောင်းကို ဆရာ တင်မောင်အေး (ကန့်ဘလူ) ဆောင်းပါးကို ဖတ်ပြီးမှ “ဟုတ်ပါရော့လား” ဟု စဉ်းစားမိပါသည်။ ကျွန်တော်၏ ဖခင်ဒေါက်တာဦးစံဘော်သာ မန္တလေးမြို့တွင် ၁၉၅၈ ခုနှစ် မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ (၁၉၇၅ ခုနှစ်မှ ၁၉၈၀ ပြည့်နှစ်အထိ) ပြောင်းလဲတာဝန် ထမ်းဆောင်ခဲ့ရသည့် အချိန်ကာလအထိ တာဝန်မထမ်းဆောင်ခဲ့ရပါက ဆင်စွယ် သုတေသန လုပ်ငန်းလုပ်ဆောင်ရန် အနည်းငယ်ကြန့်ကြာပါလိမ့်မည်၊ အခက်အခဲရှိကောင်းရှိခဲ့ပါလိမ့်မည်။

 

ဖခင်ဒေါက်တာဦးစံဘော်၏ သုတေသနလုပ်ငန်းများအတွက် ဆင်စွယ်ရိုးများကို “ထုဆစ်” ပြုလုပ် ခဲ့သူမှာ မန္တလေးမြို့နေ ဆင်စွယ်ပန်းပုပညာရှင် ဦးတင်အောင် (၂၀၁၀ ပြည့်နှစ် ကွယ်လွန်) ဖြစ်ပါသည်။ ဦးတင်အောင်ကို ကျွန်တော်မတွေ့ခဲ့ဖူးဟု ထင်ပါသည်။ ၂၀၁၀ ပြည့်နှစ်တွင် ဦးတင်အောင်ကွယ်လွန်ပြီးမှ ဦးတင်အောင်၏သမီးများနှင့် သူတို့၏ မိသားစုများကို ကျွန်တော့်ဖခင်၏ တပည့်အရင်းဖြစ်ခဲ့သူ အရိုးအထူးကု ဆရာဝန်ကြီး ပါမောက္ခဒေါက်တာဦးမိတ်၏ မိတ်ဆက်ပေးချက်အရ ၂၀၁၅ ခုနှစ်တွင် တစ်ကြိမ်နှင့် ၂၀၁၇ ခုနှစ် တွင် တစ်ကြိမ် တွေ့ဆုံခွင့်ရခဲ့ပါသည်။ ။

 

၂၀၁၅ ခုနှစ်ခန့်မှစ၍ ကျွန်တော်သိရှိခဲ့ရသော အချက်အလက်တစ်ခုမှာ ဖခင်ဒေါက်တာဦးစံဘော် ကွယ်လွန်ပြီးမှ ၎င်း၏တပည့်ရင်း၊ တပည့်ဟောင်း၊ လုပ်ဖော်ကိုင်ဖက် အရိုးအထူးကုဆရာဝန်ကြီးများ ဖြစ်ကြသည့် ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင်နှင့် ပါမောက္ခ ဒေါက်တာဦးမိတ်တို့က သူကွယ်လွန်သည့် ၁၉၈၄ ခုနှစ်နောက်ပိုင်းမှ နောင်ဆယ်နှစ် (၁၀ နှစ်) ခန့် အထိ တင်ပဆုံရိုးကျိုးသွားသော လူနာများ၏ တင်ပဆုံတွင် ဆင်စွယ်အရိုးကို အစားထိုးပေးခဲ့သော လူနာများ ရှိသည်ဆိုသောအချက်ပင် ဖြစ်ပါသည်။ ။

 

ဆရာကြီးဒေါက်တာဦးမိတ်က သူကိုယ်တိုင်ပင်လျှင် ၁၉၈၅ ခုနှစ်မှ ၁၉၉၄ ခုနှစ်ခန့်အထိ လူနာ ၂၅ ဦးမှ ၃၀ အထိ ၏ အက်ကွဲ၊ ကျိုးပဲ့နေသော တင်ပဆုံတို့တွင် ဆင်စွယ်အရိုးတုများ အစားထိုး လုပ်ဆောင်ခဲ့ကြောင်း ကျွန်တော့်ကို ပြောကြားခဲ့ဖူးပါသည်။ ၁၉၉၄ ခုနှစ် နောက်ပိုင်းတွင်မူ အာဖရိကတိုက်နှင့် အခြားဒေသများတွင် ဆင်များကို ဝိသမလောဘသားများက သတ်ဖြတ်၍ ဆင်စွယ်များကို တရားမဝင်( တရားမဝင်) ရောင်းချမှုများ ပျံ့နှံ့လာ၍ မြန်မာနိုင်ငံတွင်ပင်လျှင် ၁၉၉၃ ခုနှစ်၊ ၁၉၉၄ ခုနှစ်ခန့်များမှစတင်၍ အထူးခွင့်ပြုချက်ရမှသာ အစားထိုး အသုံးပြုနိုင်ပါကြောင်း မလေးရှားနိုင်ငံရောက် မြန်မာအရိုးအထူးကုဆရာဝန်တစ်ဦးက ၁၉၉၃ ခုနှစ်ခန့်တွင် ကျွန်တော့်ကို ပြောကြားခဲ့ပါသည်။ ။

 

ဆရာကြီးဦးမိတ် ၁၉၉၀ ပြည့်နှစ်လွန်နှစ်များ အစောပိုင်းက ဆင်စွယ်အရိုးတုများ ထည့်သွင်းပေးခဲ့သည့် “လူနာ” များတွင် ယခုတိုင် (၂၀၂၀ ဇူလိုင်လအထိ) အသက်ထင်ရှားရှိနေဆဲ “လူနာဟောင်း” (သို့မဟုတ်) “ယခင်လူနာများ”တွင် အသက်အကြီးဆုံးသူမှာ မန္တလေးမြို့နေ အဘွား ဒေါ်သန်းသန်း (၃ မေ ၁၉၂၃ ဖွားမြင်) ဖြစ်ပါသည်။

 

အဘွားဒေါ်သန်းသန်းကို ၁၉၉၀ ပြည့်နှစ် အစောပိုင်းက ဆရာကြီးပါမောက္ခ ဒေါက်တာဦးမိတ်က ဒေါ်သန်းသန်း၏ ကျိုးပဲ့နေသော ဘယ်ဘက်တင်ပဆုံတွင် ဆင်စွယ်အရိုးတုကို အစားထိုးပေးခဲ့ပါသည်။ ၁၉၉၀ ပြည့်နှစ် အစောပိုင်းဟု အဘွားဒေါ်သန်းသန်းနှင့် သူ၏မိသားစုတို့က ယေဘုယျအားဖြင့် မှတ်မိသော်လည်း မည်သည့်ခုနှစ်ကဆိုသည်ကိုမူ ယခုအချိန်အထိ အတိအကျ ဆန်းစစ် အတည်ပြုနိုင်ခဲ့ခြင်းမရှိပါ။

 

၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် အဘွား ဒေါ်သန်းသန်း၏ ညာဘက်တင်ပဆုံရိုးကျိုးခဲ့ရာ ပါမောက္ခ ဒေါက်တာစိန်လှဦးက ညာဘက်တင်ပဆုံတွင် သတ္တုအရိုးတု (metal hip replacement) အစားထိုးပေးခဲ့ပါသည်။

 

ဆင်စွယ်ရိုးတု ပညာရပ်ဆိုင်ရာဆောင်းပါး

 

ဆရာတင်မောင်အေး(ကန့်ဘလူ) ရေးသားသော ဆောင်းပါးတွင် ပါရှိသည့် ပိုလန်နိုင်ငံမှ အရိုးအထူးကု ဆရာဝန် Dr Bartek Szostakowski (ဒေါက်တာဘာတက်)က အဘွားဒေါ်သန်းသန်း၏ ဆင်စွယ်ရိုးတုအကြောင်းကို ပညာရပ်ဆိုင်ရာဆောင်းပါး ရေးသားလိုသည်ဟုဆို၍ အဘွားဒေါ်သန်းသန်း၏ တင်ပဆုံရိုးကို ဓာတ်မှန်ရိုက်ခြင်း၊ CT Scan ပြုလုပ်၊ မြန်မာနိုင်ငံမှ ပိုလန်နိုင်ငံသို့ DHL မှ “အပြည်ပြည်ဆိုင်ရာ စာချောပို့စနစ်ဖြင့် ၂၀၁၅ ခုနှစ်ခန့်က ပေးပို့ခဲ့ပါသည်။ အသက် ၉၀ ကျော်အဘွားဒေါ်သန်းသန်းမှာ ၂ နာရီခွဲခန့်ကြာ ဓာတ်မှန်ရိုက်ခြင်း၊ CT Scan ပြုလုပ်ခြင်းတို့ကို စိတ်ရှည်စွာ ကူညီဆောင်ရွက်ပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်လိုပါသည်။

 

ဒေါက်တာဘာတက် အဓိက ရေးသားထားသော Artifacts: Ivory Hemiarthroplasty, The Forgotten Concept Lives on ဆောင်းပါးကို မျက်မှောက်ခေတ် ကမ္ဘာ့အထင်ကရ အရိုးအထူးကု ပညာရပ် ဂျာနယ်တစ်ခုဖြစ်သော Clinical Orthopedics and Related Research, Volume 475, Issue 12, (December 2017), pp. 2850-2854 တွင် ဖော်ပြထားပါသည်။

 

ယင်းပညာရပ်ဆောင်းပါး ပါရှိသော ဂျာနယ် အတွဲ ၄၇၅၊ စာစောင် ၁၂၊ ဒီဇင်ဘာ ၂၀၁၇ ထုတ် မျက်နှာဖုံးတွင် စာရေးသူရိုက်ကူးပေး၍ ဒေါက်တာဘာတက်ထံ ပေးပို့ခဲ့သည့် မန္တလေးအရိုးအထူးကု ဆေးရုံကြီးတွင် ခင်းကျင်းပြသထားသည့် မှန်ဘောင်သွင်းထားသော ဆင်စွယ်ရိုးတုများကို မျက်နှာဖုံးတွင် ဖော်ပြထားသည်ကို အွန်လိုင်းမှတစ်ဆင့် တွေ့ရပါသည်။ Dr Bartek ၏ ဆောင်းပါး PDFကို ကျွန်တော့်ထံပေးပို့ထား၍ soft copy ရှိသော်လည်း ဂျာနယ် ငါးစောင် (သို့မဟုတ်) ၁၀ စောင်ခန့်ကို ဝယ်ယူလိုလျှင် အနည်းဆုံးယူရို ၃၀၀ (300 Euro) ကုန်ကျမည်ဟု Dr Bartek က ကျွန်တော့်ကို ပြောပြပါသည်။ ကျွန်တော့်ကိုယ်ပိုင်နှင့် မြန်မာနိုင်ငံ အရိုးအထူးကုဆရာဝန်များ အသင်းသို့ ဖခင်ဒေါက်တာဦးစံဘော်၏ ဆင်စွယ်ရိုးတုများ ဓာတ်ပုံကို ပညာရပ်ဂျာနယ်မျက်နှာဖုံးတွင် ဖော်ပြထားသည့် ၂၀၁၇ ဒီဇင်ဘာလထုတ် Clinical orthopedics and Related Research ဂျာနယ်ကို ဝယ်ယူလှူဒါန်းရန် ရည်ရွယ်ထားပါသည်။

 

ကမ္ဘာအရပ်ရပ်ရှိ အရိုးအထူးကုဆရာဝန်များ

 

ဆရာတင်မောင်အေး (ကန့်ဘလူ) ၏ ဆောင်းပါးတွင် ဖခင်ဒေါက်တာဦးစံဘော်၏ Ivory Hip Replacement for Ununited Fractures of the Neck of Femur ဆောင်းပါးကို ဗြိတိန်နိုင်ငံထုတ် Journal of Bone and Joint Surgery ၁၉၇၀ ပြည့်နှစ် ဖေဖော်ဝါရီလထုတ်တွင် ဖော်ပြခဲ့သည်ဟု ရေးသားထားပါသည်။ အမှန်မှာ ဖခင်ဒေါက်တာဦးစံဘော် ဆောင်းပါးအကျဉ်းချုပ်ကိုသာ Journal of Bone and Joint Surgery တွင် အင်္ဂလိပ်ဘာသာစကားဖြင့် စာလုံးရေ ၃၇၀ ခန့်သာရှိသော စာတမ်းအကျဉ်းချုပ်ကိုသာ ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ထိုစဉ်ကနှင့် နောင်လာ နောက်သား ကမ္ဘာအရပ်ရပ်ရှိ အရိုးအထူးကုဆရာဝန်များမှာ ဖခင်ဒေါက်တာဦးစံဘော်၏ ဆင်စွယ်သုတေသန လုပ်ငန်း အကြောင်းကို သိသင့်သလောက် မသိခဲ့ခြင်း ဖြစ်တန်ရာပါသည်။

 

ထိုစာတမ်းအပြည့်အစုံမှာ ကျွန်တော့်ဖခင်၏ ငယ်သူ လုပ်ဖော်ကိုင်ဖက် (Junior Colleague) (ဖေဖော်ဝါရီ ၁၉၇၁ မှစ၍ အမေရိကန်ရောက်) အရိုး အထူးကုဆရာဝန်ကြီး ဒေါက်တာစိန်လွင်တွင် ရှိနိုင်လောက်သည်ဟု ဒေါက်တာစိန်လွင်က ၂၀၁၀ ပြည့်နှစ်ခန့် က ကျွန်တော့်ကို ပြောကြားခဲ့ဖူးပါသည်။ ဖခင်ဒေါက်တာ ဦးစံဘော်က ၁၉၆၉ ခုနှစ် ဗြိတိသျှအရိုးအထူးကုဆရာ ဝန်များညီလာခံသို့ တင်သွင်းသော စာတမ်းအပြည့်အစုံကို ဒေါက်တာစိန်လွင်၏လက်ဝယ်တွင်ရှိပါက ရှာဖွေပေးပါဟု မေတ္တာရပ်ခံခဲ့ရာ ဆရာဒေါက်တာစိန်လွင်မှာ များစွာမအားလပ်သည်ဖြစ်၍ မရှာဖွေဖြစ်သေး၊ မတွေ့ရှိသေးပါ။

 

ဆင်စွယ်နှင့် အရိုးအစားထိုးမှု အောင်မြင်

 

ဖခင်၏ ပျောက်ဆုံးနေသော (သို့မဟုတ်) ရှာဖွေ၍ မရသော ဆင်စွယ်သုတေသနနှင့် ပတ်သက်သည့် “သာဓက” များထဲတွင် ၁၉၆၅ ခုနှစ်ခန့်က ၅ မီလီမီတာ ၊ အဖြူ၊ အမည်းရုပ်ရှင်မှတ်တမ်း ရိုက်ထားသည့် “ဖလင်” (flim) ရှိခဲ့ပါသည်။ ဖခင်ဒေါက်တာဦးစံဘော်၏ လူနာအချို့ဖြစ်သည့် ဆင်စွယ်ရိုးတုဖြင့် တင်ပဆုံတွင် အစားထိုး ထားသော လူနာများကို ခွဲစိတ်ကုသနေပုံ၊ ဆင်စွယ်အရိုးတုလူနာများ “ထိုင်ထ” ပြုလုပ်နေပုံ စသည်တို့ကို “ရုပ်ရှင်” ရိုက်ကူးထားခြင်းဖြစ်ပါသည်။ ယင်း “ရုပ်ရှင်”ရိုက်ထားသည့် အကြောင်းကိုလည်း ကွယ်လွန်သူ ဆရာသာဂဒိုးက ၁၉ စက်တင်ဘာ ၁၉၆၉ ခုနှစ်က လုပ်သားပြည်သူ့နေ့စဉ် သတင်းစာပါ “ဆင်စွယ်နှင့် အရိုးအစားထိုးမှု အောင်မြင်ရာတွင်” ခေါင်းစဉ်ဖြင့် ဆောင်းပါးတွင်လည်း ဖော်ပြခဲ့ပါသည်။ ။

 

ကျွန်တော်သည် ဖခင်ဒေါက်တာဦးစံဘော် ကွယ်လွန်အပြီး မန္တလေးပြည်သူ့ဆေးရုံကြီး အရိုး အထူးကု ဌာနသို့လည်းကောင်း၊ မန္တလေးအရိုးအထူးကုဆေးရုံသို့ လည်းကောင်း ၂၀၁၂ ခုနှစ်ခန့်အထိ မရောက် ရှိခဲ့ပါ။ ၂၀၁၂ခုနှစ်ခန့်က မန္တလေး အရိုးအထူးကုဆေးရုံကြီးသို့ ရောက်ရှိခဲ့ရာတွင် ၁၉၆၅ ခုနှစ်ခန့်က ရိုက်ကူးထားသည့် ၅ မီလီမီတာ အဖြူ၊ အမည်း ဖလင်လိပ်မှာ ကြေမွလုနီးပါးမျှဖြစ်နေရာ ယင်းဖလင်ရုပ်ရှင်ကို မည်သို့မျှ ကြည့်နိုင်ဖွယ်မရှိပါ။ အလွန်ဝမ်းနည်း ယူကျုံးမရ (နီးပါး) ဖြစ်မိပါ၏။ အကယ်၍သာ (တကယ်မဟုတ်ခဲ့) မန္တလေးပြည်သူ့ဆေးရုံကြီး အရိုးအထူးကုဌဌာန (သို့မဟုတ်) မန္တလေးအရိုးအထူးကု ဆေးရုံကြီးမှ ထိုစဉ်က သက်ဆိုင်ရာ ပုဂ္ဂိုလ်များက ထိုဖလင်လိပ်ကို အအေးခန်း ထဲတွင် တောက်လျှောက် သိမ်းဆည်းထားခဲ့ပါလျှင် ဤကဲ့သို့ ပျက်စီးလိမ့်မည် မထင်ပါ။

 

မော်ကွန်းဌာန

 

ဆက်စပ်၍ ရေးရပါလျှင် ၁၉၈၈ ခုနှစ် မေလခန့်က ကျွန်တော်သည် ဖခင်အကြောင်းကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ကျွန်တော်ရမိသမျှ သတင်းစာများပါ သတင်းမှတ်တမ်းများ၊ ဆောင်းပါးများကို ဖခင်ဘွဲ့လွန် အရိုးအထူးကုပညာ ဆည်းပူးခဲ့ရာဖြစ်သော အမေရိကန် ပြည်ထောင်စု ပင်ဆယ်ဗေးနီးယားတက္ကသိုလ် (University of Pennsylvania) မော်ကွန်းဌာန (Archives) သို့ ပေးပို့ခဲ့ပါသည်။ ။

 

၂၀၁၀ ပြည့်နှစ် မတ်/ဧပြီလခန့်တွင် ပင်ဆယ်ဗေးနီးယားတက္ကသိုလ်ရှိရာ ဖစ်လဒဲလ်ဖီးယား (Philadelphia) မြို့သို့ အစည်းအဝေးတစ်ခုတက်ရန် ရောက်ရှိခဲ့ရာ ကျွန်တော်ပေးပို့ခဲ့သော စာရွက်စာတမ်းများကို ကြည့်ရှု စစ်ဆေးခွင့်ရရှိခဲ့ပါသည်။ ဖခင်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို ပင်ဆယ်ဗေးနီးယားတက္ကသိုလ်၏ မော်ကွန်းဌာနတွင် climate Control room ဟုခေါ်သည့် ရာသီဥတု ထိန်းချုပ်ထားသော အခန်းတွင် (စာရွက်စာတမ်းများ၊ ဆွေးမြည့်၊ ယိုယွင်းသွားခြင်း မရှိစေရန်၊ အနည်းဆုံးအားဖြင့် ယိုယွင်းမူ နည်းပါးသွား စေရန်) စီစဉ်ထားခြင်း ဖြစ်ပါ၏။

 

ဆရာတင်မောင်အေး(ကန့်ဘလူ)က ဖခင် ဒေါက်တာဦးစံဘော်သည် ပြည်တွင်း၊ ပြည်ပရှိ ဆေးပညာ ဂျာနယ်များတွင် ရေးသားခဲ့ပါသည်ဟု ရေးသားရာ၌ ပြည်ပ ပညာရပ်ဂျာနယ်တစ်ရပ်ဖြစ်သော Journal of Bone and Joint Surgery (British volume) တွင် “ဆင်စွယ်နှင့် တင်ပဆုံရိုး အစားထိုးခြင်း” စာတမ်း အကျဉ်းချုပ်ကိုသာ ဖော်ပြခဲ့ကြောင်း အထက်၌ ကျွန်တော်ရေးသားခဲ့ပါသည်။

 

ဖခင်ဒေါက်တာဦးစံဘော်ရေးသား၍ Journal of Bone and Joint Surgery (British volume) (Volume 57-B) (February 1975) pp. 61-68 တွင် ဖော်ပြခဲ့သော “The Transarticular Graft For Infantile Pseudarthrosis of The Tibia : A New Technique ဆောင်းပါး အပြည့်အစုံကို တွေ့ရှိရပါသည်။ “ဆင်စွယ်နှင့် တင်ပဆုံရိုးအစားထိုးခြင်း” ဆောင်းပါးအကျဉ်းချုပ်ကို ၁၉၇၀ ပြည့်နှစ် ဖေဖော်ဝါရီလထုတ် Journal of Bone and Joint Surgery တွင် ဖော်ပြပြီးနောက် ငါးနှစ်အကြာ ၁၉၇၅ ခုနှစ် ဖေဖော်ဝါရီထုတ် ယင်းဂျာနယ်၌ပင် “ကလေးသူငယ်များတွင် ဖြစ်တတ်သော ညို့သကျည်းရိုး၊ ရိုးဆက်တုဖြစ်ခြင်းကို ကုသနည်းအသစ်” ဟု အကြမ်းဖျင်း ဘာသာပြန်ဆိုနိုင်သည့် ပညာရပ်ဆောင်းပါး ကိုမူ အပြည့်အစုံဖော်ပြထားပါသည်။

 

“ဆင်စွယ်နှင့် တင်ပဆုံရိုးအစားထိုးခြင်းစာတမ်း” ၏ အကျဉ်းချုပ်ကိုသာ ပညာရပ်ဂျာနယ်၏ မထင်မရှား နေရာတွင် ဖော်ပြခဲ့ပြီး စိုးစဉ်းမျှသော ကလေးသူငယ်တို့တွင်သာ ရှားရှားပါးပါးဖြစ်တတ်သော ညိုသကျည်းရိုး ရိုးဆက်တုနည်းကို ကုသနည်းတစ်မျိုးဖြင့် ကုသခြင်းဆောင်းပါးကိုမူ အပြည့်အစုံ ဖော်ပြထားသဖြင့် အရိုးအထူးကုဆရာဝန်များအနေဖြင့် (ယေဘုယျအားဖြင့်) ဖခင်ဒေါက်တာ ဦးစံဘော်၏ “ညိုသကျည်းရိုး ရိုးဆက်တု ဖြစ်ခြင်းကို ကုသနည်းသစ်” ဆောင်းပါးကို ပညာရပ် ဂျာနယ်များတွင် ပိုမိုကိုးကားခဲ့သည်ကို တွေ့ရပါသည်။

 

အမျိုးသမီးနှစ်ဦးရှိ အထက်တွင် အဘွားဒေါ်သန်းသန်းအကြောင်းကို ဖော်ပြခဲ့ပါသည်။ အဘွားဒေါ်သန်းသန်းသည် အသက် ၇၀ ခန့်တွင် ဘယ်ဘက်တင်ပဆုံတွင် ဆင်စွယ်အရိုးတုကို ထည့်သွင်းထားပြီး အသက် ၈၀ ခန့်တွင် ညာဘက်တင်ပဆုံ၌ သတ္တုအရိုးတုကို ထည့်သွင်းထားသည့် ကမ္ဘာပေါ်တွင် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ပါသည်။ အဘွား ဒေါ်သန်းသန်းအပြင် မြန်မာနိုင်ငံအတွင်း၌ စာရေးသူ သိရှိသလောက် ရေးရလျှင်တင်ပဆုံတွင် ဆင်စွယ်အတု ထည့်သွင်းထားသော အမျိုးသမီးနှစ်ဦး ရှိပါသေးသည်။

 

လက်ရှိ မန္တလေးမြို့အနီး မုံရွာခရိုင်အတွင်း ရွာနှစ်ရွာတွင် နေထိုင်လျက်ရှိသော ဒေါ်အမာတင် (၁၉၅၅ ခုနှစ်ခန့် မွေးဖွား)နှင့် ဒေါ်သန်းဌေး (၁၉၅၆ ခုနှစ်ခန့် မွေးဖွား) တို့ ဖြစ်ပါသည်။ ဒေါ်အမာတင်မှာ အသက် ၁၅ နှစ် (သို့မဟုတ်) ၁၆ နှစ်ခန့်က မန်ကျည်းရွက်ကို အပင်ပေါ်သို့ တက်ခူးရာ သစ်ပင်ပေါ်မှလိမ့်ကျ၍ တင်ပဆုံရိုး ကျိုးသွားခဲ့ပါသည်။ ဒေါ်သန်းဌေးမှာလည်း အသက် ၁၃ နှစ်ခန့်က သစ်ပင်ပေါ်မှ လိမ့်ကျ၍ တင်ပဆုံရိုး ကျိုးသွားခဲ့ပါသည်။ ဒေါ်အမာတင်နှင့် ဒေါ်သန်းဌေးတို့ နှစ်ဦးစလုံးကို ယင်းတို့၏ အသက် ၁၃ နှစ်မှ ၁၅ နှစ် အတွင်း ဆင်စွယ်အရိုးတုဖြင့် တင်ပဆုံကို အစားထိုးသင့်မသင့်ကို ကျွန်တော့်ဖခင် ဒေါက်တာဦးစံဘော်သည် သူ၏ တပည့်များဖြစ်ကြသည့် ဒေါက်တာစိန်လွင်နှင့် ဒေါက်တာ ကျော်မြင့်နိုင်တို့နှင့် တိုင်ပင်ကြောင်း သူတို့က ကျွန်တော့်ကို ပြောပြပါသည်။

 

 

ဒေါ်အမာတင်ကို ဆင်စွယ်အရိုးတုဖြင့် ၁၉၇၀/ ၁၉၇၁ ခုနှစ်ခန့်က အစားထိုးပေးခဲ့ပြီး ဒေါ်သန်းဌေးကိုမူ ၁၉၆၉ ခုနှစ်ကုန်ပိုင်းခန့်က ဆင်စွယ်ဖြင့် သူ၏ တင်ပဆုံရိုးကို အစားထိုးကုသပေးခဲ့ကြောင်း၊ ဒေါ်သန်းဌေးမှာ ထိုစဉ်က အသက် ၁၃ နှစ် (သို့) ၁၄ နှစ် ရှိကြောင်း ပြောပြပါသည်။ ဒေါ်သန်းဌေးက ရွှေမန်းဦးတင်မောင် ကွယ်လွန်ခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်တွင် တင်ပဆုံရိုး အစားထိုးကုသမူကို ပြုလုပ်ခဲ့သည်ဟု ပြောပြရာ ရွှေမန်းဦးတင်မောင်မှာ ၁၉၆၉ ခုနှစ် နိုဝင်ဘာလတွင် ကွယ်လွန်ခဲ့ရာ ဒေါ်သန်းဌေးကို ၁၉၆၉ ခုနှစ် မကုန်မီက ဆင်စွယ်အရိုးတုကို အစားထိုးခဲ့ခြင်း ဖြစ်တန်ရာသည်ဟု ယူဆရပါ၏။

 

၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်အထိ အသက်ရှင်ဆဲနှင့် အသက်အကြီးဆုံးဖြစ်ပြီး ဆင်စွယ်အစားထိုး ခံရသူမှာ ဒေါ်သန်းသန်းဖြစ်၍ အသက်အငယ်ဆုံး (အသက် ၁၃ နှစ် ၁၄ နှစ်ခန့်က) ဆင်စွယ်အစားထိုးခြင်း ခံရသူမှာ ယခုအခါ အသက် ၆၄/၆၅ နှစ်ခန့်ရှိ ဒေါ်သန်းဌေး ပင်ဖြစ်ပါသည်။

 

ကျွန်တော့် ဖခင်ဒေါက်တာဦးစံဘော်၏ သူနာပြု အကူတစ်ဦးဖြစ်ခဲ့သူ မန္တလေးမြို့နေ ဦးပြေအောင်၏ အကူအညီဖြင့် တစ်ဦးနှင့်တစ်ဦး မသိကြသော ဒေါ်အမာတင်နှင့် ဒေါ်သန်းဌေးတို့ကို ကျွန်တော်က မန္တလေးမြို့သို့ခေါ်ဆောင်၍ သူတို့၏တင်ပဆုံရိုးတို့ကို ဓာတ်မှန်ရိုက်၊ သူတို့ လမ်းလျှောက်နေပုံ၊ ဆောင့်ကြောင့်ထိုင်နေပုံတို့ကို ဗီဒီယိုရိုက်ကူးထားပါသည်။ ထို့အပြင် ကျွန်တော်၊ ဒေါ်အမာတင်နှင့် ဒေါ်သန်းဌေးတို့သည် အဘွားဒေါ်သန်းသန်း နေထိုင်ရာအိမ်သို့သွားရောက်၍ အဘွားဒေါ်သန်းသန်း ကို ကန်တော့ခဲ့ပါသည်။

 

ကျွန်တော့်မိခင်ကွယ်လွန်သူ ဒေါက်တာဒေါ်မြင့်မြင့်ခင်သည် ၁၉၈၅ ခုနှစ်က ဒေါက်တာစံဘော် သုတေသနဆုအတွက် ရန်ပုံငွေတည်ထောင်ခဲ့ရာ ၂၅ ဒီဇင်ဘာ ၁၉၈၉ နေ့က မန္တလေးမြို့ရှိ အထက်မြန်မာနိုင်ငံ ဆရာဝန်များ အသင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သော အခမ်းအနားတစ်ခု တွင် ဇီဝကမ္မဗေဒပညာရှင် ဒေါက်တာဖြူဖြူအောင် အဓိက ပြုစုသော "Physiological Effects of Tobacco dust exposure in the cigarette factories of Rangoon" “ရန်ကုန်မြို့အတွင်းရှိ စီးကရက်စက်ရုံများတွင် ဆေးရွက်ကြီးအမှုန်တို့ကို ရှူရှိုက်ခြင်းအားဖြင့် ပေါ်ထွက်လာသော ဇီဝကမ္မဗေဒဆိုင်ရာ အကျိုးဆက်များကို လေ့လာခြင်း” သုတေသနစာတမ်းကို ကနဦး ဒေါက်တာ စံဘော်သုတေသနဆုအဖြစ် ကျွန်တော့်မိခင် ပါမောက္ခ ဒေါက်တာဒေါ်မြင့်မြင့်ခင်က ချီးမြှင့်ခဲ့ပါသည်။ ဒေါက်တာ စံဘော်သုတေသနဆုကို ဒုတိယအကြိမ်အဖြစ် ပြည်သူ့ ကျန်းမာရေးပညာရှင် ဒေါက်တာစန်းစန်းမြင့် အဓိကပြုစုသော စာတမ်းဖြစ်သည့် “Task Analysis of Mid-wives” “ဝမ်းဆွဲလက်သည်တို့၏ လုပ်ငန်းဆောင်တာတို့ကို ခွဲခြမ်း စိတ်ဖြာသုံးသပ်ချက်”ကို ၁၉၉၆ ခုနှစ် အစောပိုင်းက ချီးမြှင့်ခဲ့ပါသည်။

 

ဆေးသိပ္ပံပညာမဟာဘွဲ့ကျမ်းများ

 

၁၉၉၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်းတွင်မူ ဒေါက်တာ စံဘော်သုတေသနဆုကို ချီးမြှင့်နိုင်ခဲ့ခြင်းမရှိပါ။ ဆုရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌဆရာကြီး ဒေါက်တာအောင်သန်းဘတူ (ဆေးသုတေသနဦးစီးဌာန၏ ယခင်ညွှန်ကြားရေးမှူးချုပ်) နှင့် အခြားအဖွဲ့ဝင်များ နိုင်ငံခြားသို့ မကြာခဏ ခရီးသွား နေ၍လည်းကောင်း၊ အရည်အသွေးပြည့်မီသော သုတေသနစာတမ်းများကို ဆုရွေးချယ်ရေးအဖွဲ့အနေဖြင့် မရရှိခဲ့၍လည်းကောင်း ဒေါက်တာစံဘော် သုတေသနဆုကို မချီးမြှင့်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ယင်းကာလများတွင် ဒေါက်တာစံဘော် သုတေသနဆုရန်ပုံငွေ ဆေးသိပ္ပံမဟာ (Master of Medical Science) ဘွဲ့အတွက် တင်သွင်းခဲ့သော ကျမ်းများ၏စာရင်းကို စုစည်း၍ ကတ်တလောက် - Catalogue (စာရင်းပြုစုခြင်း၊ စနစ်ဇယားခွဲခြားခြင်း)တို့ အတွက် အသုံးပြုခဲ့ပါသည်။ သို့သော် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းတွင် တင်သွင်းခဲ့သော ဆေးသိပ္ပံပညာ မဟာဘွဲ့ ကျမ်းများကို စုံစုံလင်လင်ရှာဖွေရန် ခက်ခဲခြင်းတို့ကြောင့် ယင်းလုပ်ငန်းဆောင်တာကိုလည်း အပြည့်အဝ အကောင် အထည်မဖော်နိုင်ခဲ့ပါ။

 

၂၀၁၈ ခုနှစ် နိုဝင်ဘာလ အစောပိုင်းက ကျင်းပပြုလုပ် ခဲ့သော မြန်မာနှင့် အာဆီယံ အရိုးအထူးကုဆရာဝန်များ ပူးပေါင်းညီလာခံတွင် ဒေါက်တာစံဘော်သုတေသနဆုကို တတိယအကြိမ်မြောက်အဖြစ် အရိုးအထူးကုဆရာဝန် ဒေါက်တာသန့်ဇင်နိုင်၏ စာတမ်းကို ချီးမြှင့်နိုင်ခဲ့ပါသည်။ ဒေါက်တာစံဘော် သုတေသနဆုအတွက် စာတမ်းဖတ်ပြိုင်ပွဲတွင် အရိုးအထူးကုဆရာဝန် ခြောက်ဦးခန့်ဝင်ပြိုင်ရာ အရိုးအထူးကုဆရာဝန်ကြီး သုံးဦးပါဝင်သည့် အကဲဖြတ်အဖွဲ့က ဒေါက်တာ သန့်ဇင်နိုင်၏ သုတေသနစာတမ်းကို ရွေးချယ်၍ ဒေါက်တာစံဘော် သုတေသနဆုကို ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။ ။

 

ဟောပြောမှုကို မိနစ် ၅၀ ခန့် ပြောကြား

 

၂၉ နိုဝင်ဘာ ၂၀၁၈ တွင် ကျွန်တော့်ဖခင် ဒေါက်တာ ဦးစံဘော် (၁၉၅၄ ခုနှစ် ဧပြီလ မှ ၁၉၅၇ ခုနှစ်ကုန်အထိ)ဆေးသိပ္ပံပညာမဟာဘွဲ့ (အရိုးအထူးကုဘွဲ့) အတွက် ပညာဆည်းပူးခဲ့သော အမေရိကန်ပြည် ပင်ဆယ်ဗေးနီးယား ပြည်နယ် ဖစ်လဒဲလ်ဖီးယားမြို့ရှိ ပင်ဆယ်ဗေးနီးယား တက္ကသိုလ်၏ အရိုးအထူးကုဌာန (Department of Orthopedic Surgery at University of Pennsylvania) တွင် ဒေါက်တာစံဘော် ဂုဏ်ပြုဟောပြောမှုကို ပထမဦးဆုံး အကြိမ်အဖြစ် (Inaugural San Baw Honorary Lecture in Orthopedic Innovation)ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဒေသစံတော်ချိန် နံနက် ၆ နာရီမှ နံနက် ၈ နာရီအတွင်း ကျင်းပပြုလုပ်ခဲ့သော ယင်းဂုဏ်ပြု ဟောပြောပွဲသို့ ပင်ဆယ် ဗေးနီးယားတက္ကသိုလ်နှင့် ယင်းတက္ကသိုလ်နှင့် ဆက်နွှယ်မှုရှိသည့် အမေရိကန် အရိုးအထူးကုဆရာဝန်ကြီး၊ ဆရာဝန်ငယ်များ ၃၀ ခန့်တက်ရောက်ခဲ့ပါသည်။ ကျွန်တော့်ဖခင်၏ တပည့်ဖြစ်ခဲ့သူ အမေရိကန်ပြည် ဖလော်ရီဒါ (Florida) ပြည်နယ်တွင် နေထိုင်သော ဒေါက်တာစိန်လွင်လည်း တက်ရောက်ခဲ့ပါသည်။

 

ယင်းဟောပြောပွဲကို နှစ်စဉ် ရာသက်ပန် (in perpetuity) ပြုလုပ်ရန် ကျွန်တော်၏ ချွေးနှဲစာထဲမှ များစွာသော ငွေကြေးတို့ကို လှူဒါန်းထားပါသည်။ ယင်းဟောပြောပွဲ ပထမပိုင်းတွင် ကျွန်တော်က Dr San Baw: A Son”s Tribute (“ ဒေါက်တာစံဘော် သားတစ်ဦး၏ ဂုဏ်ပြုမှု”) ဟူသော ခေါင်းစဉ်ဖြင့် မိနစ် ၅၀ ခန့် ဟောပြော ခဲ့ပြီး ဒုတိယပိုင်းအနေဖြင့် ပိုလန်အရိုးအထူးကုဆရာဝန် Dr Bartek Szostakowski "Dr San Baw: The Forgotten Innovator in Orthopaedic Biologic Reconstruction” (“ဇီဝနည်းဖြင့် အရိုးများကို ပြန်လည် တည်ဆောက်သည့်နည်းကို ဆန်းသစ်ခဲ့သည့် လူအများက မေ့ပျောက်နေသော ဒေါက်တာစံတော်”)ဟူသော ဟောပြောမှုကို မိနစ် ၅၀ ခန့် ပြောကြားခဲ့ပါသည်။

 

ပင်ဆယ်ဗေးနီးယားတက္ကသိုလ် အရိုးအထူးကုဌာန ပါမောက္ခဌာနမှူး  L. Scott Levin  င “San Baw was an innovative, compassionate physician who pioneered techniques in hip arthroplasty ... We are delighted to perpetuate the legacy of this remarkable orthopedic surgeon” (“စံဘော်သည် တီထွင်ဆန်းသစ်နိုင်သော၊ ကရုဏာ နှလုံးရည် ပြည့်ဝသောသမားတော်တစ်ဦးဖြစ်ပြီး တင်ပဆုံရိုး အစားထိုးမှု နည်းသစ်များကို ဆန်းသစ်တီထွင်နိုင်ခဲ့သူ ဖြစ်ပေသည်... ကျွန်တော်တို့သည် ဤထူးချွန်ပြောင်မြောက်သော အရိုးအထူးကုဆရာဝန်ကြီး၏ အမွေကို တည်တံ့ထိန်းသိမ်းခွင့် ရသည့်အတွက် များစွာ ကျေနပ်ဝမ်းမြောက်မိပါသည်”)ဟု ပြောကြားခဲ့သည်။ ပါမောက္ခ Dr Levin က ကျွန်တော့်ဖခင်ကို ကရုဏာ နှလုံးရည်ပြည့်ဝသည့် သမားတော် (physician) ဟု ဦးစွာဖော်ပြပြီး ပြောင်မြောက်သော အရိုးအထူးကု ဆရာဝန်ကြီးဟု ဖော်ပြသည်မှာ အဓိပ္ပာယ်နှင့် အနှစ်သာရ ပြည့်ဝသည်ဟု ကျွန်တော်ထင်မြင်ပါသည်။ သမားတော်ဟူသည် လူသားတို့၏ ရောဂါဝေဒနာတို့ကို မေတ္တာ၊ ကရုဏာဖြင့် ကုစား၊ ကုသပေးရန် တာဝန်ရှိသူ မဟုတ်ပါလော။

 

ကျွန်တော့်ဖခင် ဒေါက်တာဦးစံဘော်သည် ယင်းကဲ့သို့သော သမားတော်ဖြစ်သည်ဟု ကျွန်တော် ရိုကျိုး၊ ရိုသေစွာ ဂါရဝပြုဖော်ပြလိုပါသည်။

 

၂၀၂၀ ပြည့်နှစ် မေလခန့်တွင် ဒုတိယအကြိမ် ဒေါက်တာစံဘော် ဂုဏ်ပြုဟောပြောပွဲ ပြုလုပ်နိုင်ရန် ကျွန်တော် ကြိုးစားခဲ့ပါသေးသည်။ မူလအစီအစဉ်အရ မြန်မာအရိုးအထူးကု ဆရာဝန်ကြီးများ ဖြစ်ကြသော ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင်၊ ပါမောက္ခဒေါက်တာ မြင့်သောင်းတို့သည် အမေရိကန်ပြည်သို့ တစ်နှစ်လျှင်တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ် သွားရောက်လေ့ရှိပါသည်။ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်လည်းဖြစ်၊ အရိုးအထူးကု ဆရာဝန်ကြီးလည်းဖြစ်သော ဒေါက်တာ ဇော်ဝေစိုးသည်လည်း ၂၀၂၀ ပြည့်နှစ် မတ်လခန့်တွင် အမေရိကန်ပြည်သို့ မူလအစီအစဉ်အရ သွားရောက်ရန်ရှိသော်လည်း ကိုဗစ်-၁၉ ကိစ္စရပ် ပေါ်ပေါက်လာ၍ အထက်ပါ မြန်မာအရိုး အထူးကုဆရာဝန်ကြီးများသည် အမေရိကန်ပြည်သို့ သွားရောက်နိုင်ခြင်း မရှိတော့ပါ။

 

ဂုဏ်ပြုဟောပြောပွဲ

 

ကျွန်တော်၏ မူလအစီအစဉ်အရ ယင်းမြန်မာအရိုး အထူးကုဆရာဝန်ကြီးများထဲမှ တစ်ဦးဦးက ဒုတိယ အကြိမ် ဒေါက်တာစံဘော် ဂုဏ်ပြုဟောပြောပွဲကို ပင်ဆယ်ဗေးနီးယားတက္ကသိုလ်၏ အရိုးအထူးကုဌာနတွင် ပြုလုပ်ဖြစ်ခဲ့ပါက (အမှန်တွင် မပြုလုပ်ဖြစ်ခဲ့ပါ) မြန်မာအရိုးအထူးကု ဆရာဝန်များ၏ ရှုထောင့်မှ ကျွန်တော့်ဖခင်၏ အရိုးအထူးကုဆိုင်ရာ ဆန်းသစ်တီထွင်မှု အကြောင်းများသာမကဘဲ မြန်မာအရိုးအထူးကု ဆရာဝန်ငယ်များ ပင်ဆယ်ဗေးနီးယားတက္ကသိုလ်၏ အရိုးအထူးကုဌာနသို့ ခေတ္တသွားရောက် လေ့လာရေးနှင့် မြန်မာနှင့် အမေရိကန် အရိုးအထူးကု ဆရာဝန်များ လုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးကို ဟောပြောဆွေးနွေးပေးပါရန် မေတ္တာရပ်ခံခဲ့ပါသည်။ အထက်တွင် တင်ပြခဲ့သည့်အတိုင်း ကိုဗစ်-၁၉ ကိစ္စရပ်ကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်းတွင်မူ ပင်ဆယ်ဗေးနီးယားတက္ကသိုလ်၌ ဒုတိယအကြိမ် ဒေါက်တာစံဘော် ဂုဏ်ပြုဟောပြောပွဲကို ပြုလုပ်နိုင်လိမ့်မည် မထင်ပါ။

 

နိဂုံးချုပ်ရေးရပါလျှင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ကျွန်တော့်ဖခင်ကို ဂုဏ်ပြုဆောင်းပါး ရေးပေးပါသော ဆရာတင်မောင်အေး (ကန့်ဘလူ) ၏ ဆောင်းပါးကို ဖြည့်စွက်ရေးခဲ့ပါသော်လည်း မပြီးပြတ်ခဲ့ပါ။ ၂၀၁၇ ခုနှစ် နောက်ပိုင်းတွင် ဖြစ်ထွန်းခဲ့သော ကျွန်တော့်ဖခင် ဒေါက်တာဦးစံဘော်နှင့် သူ၏စွမ်းဆောင်မှုများကို ပြည်တွင်း၊ ပြည်ပတို့တွင် အသိအမှတ်ပြု၊ ဂုဏ်ပြုခဲ့ကြ ပုံကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လရောက်မှသာ အစီရင်ခံ တင်ပြနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ။