ဖွံ့ဖြိုးလာမယ့် ရန်ကုန်မြို့ရဲ့ အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းတွေ

၁၆  အောက်တိုဘာ

နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးမှာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်များပြားဖို့ လိုအပ်သလို ပြည်တွင်းမှာလည်း အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သီလဝါအထူးစီးပွားရေးဇုန်နဲ့ အခြားစက်မှုဇုန်တွေ လုပ်ငန်းလည်ပတ်မှုရှိနေသလို အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း (Small and Medium Enterprises- SME) တွေ ဖွံ့ဖြိုးဖို့အတွက်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရက စီစဉ်ဆောင်ရွက်နေပါတယ်။

“ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း တွေ ဖွံ့ဖြိုးတိုးတက်စေဖို့ စာရင်းကောက်ယူ ရေး စီစဉ်ဆောင်ရွက်နေပြီး တောင်ဒဂုံမြို့နယ် မှ စတင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စာရင်းကောက်ယူစိစစ်ပြီး ချေးငွေထုတ်‌ချေးဖို့ လည်းဆောင်ရွက်သွားမယ်” လို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၃ ရက်က စီးပွား ရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြား ခဲ့ပါတယ်။

လုပ်ငန်း ၄၀ ကို ချေးငွေတွေပေးခဲ့

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အသေး စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းပေါင်း ၄၀၀၀၀ ကျော်ရှိနေပြီး အဲဒီထဲကမှ ကနဦး အနေနဲ့ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်း ၁၀၀ ကို ရွေးချယ်ပြီး ချေးငွေထုတ်ချေး မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ အခါ ပထမအဆင့်အနေနဲ့ SME လုပ်ငန်း ၁၀၀ ထဲက လုပ်ငန်း ၄၀ ကို ချေးငွေတွေပေးခဲ့ပြီး ဖြစ်ပါတယ်။

နောက်ထပ်ကျန်နေတဲ့ SME လုပ်ငန်း ၆၀ ကိုလည်း ထောက်ခံပေးပြီး ချေးငွေတွေ ရရှိ အောင် ကြိုးစားဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။ ချေးငွေတွေကို ရရှိတဲ့ SME လုပ်ငန်းတွေအနေနဲ့ စနစ်တကျသုံးစွဲဖို့၊ စာရင်း တွေ စနစ်တကျဖြစ်ဖို့ ပညာပေးမှုတွေလည်း ပြုလုပ်နေပါတယ်။ အဲဒီ SME လုပ်ငန်း တွေ စီးပွားရေးဖွံ့ဖြိုးမှု အထောက်အကူပြု သင်တန်းကိုလည်း တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ ဒေသခံ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေရဲ့ဆန္ဒနဲ့ ဖွင့်လှစ် ပြီး သင်တန်းပေးခြင်း ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အလား အလာရှိတဲ့ SME လုပ်ငန်း ၁၀၀ ကို ရွေးချယ် ပြီး ငွေထုတ်ချေးရာမှာ ကနဦးအနေနဲ့ ရန်ကုန် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရှိ စာရင်းမှာ လုပ်ငန်း ၃၀၀၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဌာနမှာ လုပ်ငန်း ၁၂၂ ခု စုစုပေါင်း ၄၂၂ ခုမှ စိစစ်ရွေးချယ်ပြီး ချေးငွေထုတ်ချေး ခဲ့တာ ဖြစ်ပါတယ်။

ချေးငွေထုတ်ချေးနိုင်ရေး စီစဉ်

အခု ဆက်လက်ပြီးတော့လည်း ရန်ကုန် တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း ၁၀၀ ကို ထပ်မံ စိစစ်ရွေးချယ်ပြီး ငွေထုတ်ချေးဖို့ စီမံဆောင်ရွက် နေပါတယ်။ အလားအလာရှိတဲ့ SME လုပ်ငန်း တွေရဲ့ စာရင်းတွေကိုလည်း ကောက်ယူနေ ပါတယ်။ အထူးသဖြင့် ခရီးသွားလုပ်ငန်း၊ ငါးမွေးမြူရေးလုပ်ငန်း၊ ပန်းပုလုပ်ငန်း၊ ယွန်းထည်လုပ်ငန်း စတဲ့အသေးစား၊ အလတ် စား စီးပွားရေးလုပ်ငန်းတွေကို ‌ ချေးငွေ ထုတ်ချေးနိုင်ရေး စီစဉ်ကြိုးစားနေခြင်း ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အသေး စား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းတွေ စာရင်းကို ကောက်ယူတဲ့အခါ တောင်ဒဂုံ မြို့နယ်မှ စတင်မှာဖြစ်သလို ‌ရှေ့ပြေးစီမံကိန်း နဲ့ ကောက်ယူသွားမှာဖြစ်ပြီး အဲဒီမှာ စတင် ကောက်ယူတာက စက်မှုလုပ်ငန်းတွေ၊ စက်မှုဇုန်တွေလည်း ရှိတာဖြစ်တယ်လို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဲဒီနေ့က ပြောပါတယ်။ စာရင်းကောက်ယူတဲ့ အခါမှာလည်း သေချာပြီး စနစ်တကျဖြစ်စေဖို့ နည်းစနစ်ပိုင်းဆိုင်ရာတွေနဲ့ ထည့်သွင်း ကောက်ယူသွားမယ်လို့ ဆိုပါတယ်။

 

72786950_2388382978068863_1531934565839405056

 

စနစ်တကျ စိစစ်ဆောင်ရွက်

ဒီလိုကောက်ယူတဲ့အခါ အိမ်တွင်း တစ်ပိုင် တစ်နိုင် စီးပွားရေးလုပ်ငန်းတွေကိုလည်း SME စာရင်းထဲမှာသွင်းပြီး ကောက်ယူသွား မှာ ဖြစ်သလို အဲဒီလုပ်ငန်းတွေကို ချေးငွေ ထုတ်‌ချေးနိုင်ဖို့ စနစ်တကျ စိစစ်ဆောင်ရွက် ပေးသွားမယ်လို့ သိရပါတယ်။ ရန်ကုန် တိုင်းဒေသကြီးရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအပြင် တစ်နိုင်ငံလုံး စီးပွားရေးတိုးတက်ကောင်းမွန် ဖို့ဆိုတာ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးမှသာ ဖြစ်မှာမို့ အခုလို တွန်းအားပေး ဆောင်ရွက် နေခြင်းလည်း ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ SME လုပ်ငန်းတွေကို ငွေကြေးထောက်ပံ့မှု ပေးရာမှာ စနစ်တကျနဲ့ ချေးငွေတွေရရှိအောင် တိုင်းဒေသကြီးအစိုးရက ကြိုးစားကူညီဆောင် ရွက်ပေးသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်း များဟာ တိုင်းပြည်ထုတ်လုပ်မှုရဲ့ ၉၇ ရာခိုင် နှုန်းခန့် ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ စီးပွား ရေးလုပ်ငန်း ၁၂၀၀၀၀ ကျော်ရှိနေပြီး အဲဒီအရေ အတွက်ထဲမှာ ၉၈ ရာခိုင်နှုန်းက အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းတွေ ဖြစ်တယ်လို့ စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာန SME လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးဌာန စာရင်းအင်းတွေ အရ သိရပါတယ်။

ပြည်တွင်းဘဏ်တွေက ထုတ်ချေးပေးမှာဖြစ်

"ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ အသေးစား၊ အလတ်စား စက်မှုလက်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာအောင် ချေးငွေတွေထုတ်ချေးဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်" လို့ ၂၀၁၉ ခုနှစ် ဩဂုတ် ၂၉ ရက် က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံးမှာ မီဒီယာတွေနဲ့ တွေ့ဆုံစဉ်က တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထပ်မံပြောကြားထားပါတယ်။ SME လုပ်ငန်း တွေ ဖွံ့ဖြိုးတိုးတက်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရထောက်ခံပေးပြီး ပြည်တွင်းဘဏ် တွေက ထုတ်ချေးပေးမှာ ဖြစ်ပါတယ်။

အကြမ်းအားဖြင့်တော့ အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းရှင်တစ်ဦး ဟာ အပေါင်ပစ္စည်းမဲ့ချေးရင် ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၅၀၀ ခန့် ရရှိနိုင်ပြီး SME လုပ်ငန်း ကြီးကြီး မျှော်မှန်းထားတဲ့ လုပ်ငန်းရှင်တွေ အတွက် အပေါင်ပစ္စည်းပေးရင် ငွေကျပ်သိန်း ထောင်ချီပြီး ရရှိနိုင်မှာဖြစ်ပါတယ်။ လုပ်ငန်း စာရင်းဇယား၊ လုပ်ငန်းအစီအစဉ်တွေပေါ် မူတည်ပြီး လုပ်ငန်းအောင်မြင်မှု အခြေ အနေပေါ် တွက်ချက်ကာ ဘဏ်တွေက ချေးငွေ ထုတ်ချေးပေးမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ဘက်စုံ၊ ကဏ္ဍစုံမှာ ဟန်ချက်ညီညီ ဖြစ်ထွန်း စေဖို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ SME တွေရဲ့ တိုးတက်ဖွံ့ဖြိုးမှုကလည်း အဓိက ကျနေတာကြောင့် အခုလို စီစဉ်မှုတွေဟာ ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးမှုကဏ္ဍတစ်ရပ်ကို တွန်းအား ပေးလိုက်သလို ဖြစ်စေတော့တာ အမှန်ပါပဲ။ ။

အာကာဟိန်း၊ ဓာတ်ပုံ - ခင်ဇွန်ဇာလင်း