ဖယ်ခုံမြို့နယ်မီးသတ်တပ်ဖွဲ့၌ မီးသတ်စက်ကြီးသင်ခန်းစာများ လေ့ကျင့်

ဖယ်ခုံ၊  ၁၄ ဇန်နဝါရီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် မီးသတ်ဦးစီးဌာန၌ အပတ်စဉ် နေ့စဉ်သက်ဆိုင်ရာ သင်ခန်းစာများကို အလှည့်ကျ လေ့ကျင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်တပ်ဖွဲ့၀င်များသည် မီးသတ်စက်ကြီးလေ့ကျင့်ခန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

အဆိုပါ အပတ်စဉ်၊ နေ့စဉ်လေ့ကျင့်ခန်းများ ဆောင်ရွက်ရာတွင် မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာ၀န် (၄)ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာ၀ဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး စသည့်လုပ်ငန်းများ လျှင်မြန်စွာ ကူညီဆောင်ရွက်နိုင်ရန်အတွက် လေ့ကျင့်ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

ဖယ်ခုံမြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးဇော်ထွန်းဦးက လေ့ကျင့်ခန်းများဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် “အခုလေ့ကျင့်နေတာကတော့ ဆီသိုလှောင်ကန်တွေ၊ ဆီပန့်တွေမီးလောင်မှုမှာ တပ်ဖွဲ့၀င်တွေအနေနဲ့ လျှင်လျှင်မြန်မြန် ကျွမ်းကျွမ်းကျင်ကျင် အချိန်တိုအတွင်းမှာ မီးငြိှမ်းသတ်နိုင်ဖို့အတွက် လေ့ကျင့်ခြင်းဖြစ်ပါတယ်။ မီးသတ်စက်ကြီးနဲ့ပတ်သက်ပြီး အခြားလေ့ကျင့်ခန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။

 

မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် လေ့ကျင့်ခန်းများဆောင်ရွက်ရာတွင် တနင်္လာနေ့မှ သောကြာနေ့အထိ ပုံမှန်ရုံးဖွင့်ရက်အတိုင်း တနင်္လာနေ့တွင် လက်နက်မဲ့စစ်ရေးပြသင်ခန်းစာ၊ အင်္ဂါနေ့တွင် မီးသတ်စက်ကလေး သင်ခန်းစာ၊ ဗုဒ္ဓဟူးနေ့တွင် ရှာဖွေကယ်ဆယ်ရေးသင်ခန်းစာ၊ ကြာသပတေးနေ့တွင် မီးသတ်စက်ကြီး(မီးသတ်ယာဉ်) သင်ခန်းစာနှင့်  သောကြာနေ့တွင် လက်နက်မဲ့စစ်ရေးပြ သင်ခန်းစာများကို လေ့ကျင့်လျက်ရှိကြောင်း သိရှိရသည်။

 

မောင်မောင်ထွေး(ပြန်/ဆက်)