ပီအက်စ်ဂျီကိုနိုင်ပြီး ၁၆ သင်းအဆင့်သို့ အုပ်စုပထမဖြင့် မန်စီးတီးအသင်း တက်လှမ်း

ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၅) အဖြစ် အုပ်စု (A) မှ မန်စီးတီးအသင်းနှင့် ပီအက်စ်ဂျီ အသင်းတို့ ပွဲစဉ်ကို နိုဝင်ဘာ ၂၅ ရက်က အီတီဟက်ကွင်း၌  အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ မန်စီးတီးအသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိပြီး အုပ်စုပွဲ စဉ်များ မပြီးဆုံးမီ ရမှတ် ၁၂ မှတ် နှင့်အတူ အုပ်စုပထမဖြင့်  ၁၆ သင်း အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

ပီအက်စ်ဂျီအသင်းအနေဖြင့် ယခုပွဲစဉ်တွင် မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ရမှတ် ရှစ်မှတ် နှင့်အတူ အုပ်စုဒုတိယဖြင့် နောက်တစ်ဆင့်သို့တက်ရောက်နိုင်ခဲ့သည်။ ယခုပွဲစဉ်အတွက် ဦးဆောင်ဂိုးကို ပီအက်စ်ဂျီအသင်းက စတင်ရရှိခဲ့ပြီး ပွဲချိန် မိနစ် ၅၀ တွင် အမ်ဘတ်ပီက သွင်းယူပေးနိုင်ခဲ့သည်။ မန်စီးတီးအသင်းသည် ဦးဆောင် ဂိုးခွင့်ပေးလိုက်ရပြီးနောက် ချေပဂိုးရရှိရေး ကြိုးစားလာခဲ့ရာ ပွဲချိန် ၆၃ မိနစ်တွင် လူစားဝင်ကစားသမား ဂျီးဆပ်၏ဖန်တီးမှုမှ စတားလင်းက သွင်းယူပေးနိုင်ခဲ့သည်။ ချေပဂိုး ရရှိပြီးနောက် မန်စီးတီးအသင်းကသာ ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့ပြီး ပွဲချိန် ၇၇ မိနစ်တွင် အသင်းအတွက် ဒုတိယဂိုး သွင်းယူပေးခဲ့သည်။ ထို့နောက် တစ်ဖက်နှင့်တစ်ဖက် ထပ်မံဂိုးသွင်းယူနိုင်ခြင်းမရှိသော ကြောင့် မန်စီးတီးအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် ပီအက်စ်ဂျီအသင်းကို အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

အခြားသော ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ရလဒ်များတွင် အိုင်းယက်စ်က ဘက်ဆီးတပ်ကို နှစ်ဂိုး-တစ်ဂိုး၊ အင်တာမီလန်က ရှက်တာဒိုးနက်ကို နှစ်ဂိုး-ဂိုးမရှိ၊ လိုက်ပ်ဇစ်ကကလပ်ဘရုဂ်ကို ငါးဂိုး-ဂိုးမရှိ၊ အေစီမီလန်က အက်သလက်တီကို မက်ဒရစ်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ လီဗာပူးက ပေါ်တိုကို နှစ်ဂိုး-ဂိုးမရှိ၊ လစ္စဘွန်းက ဒေါ့မွန်ကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သလို ရီးရဲမက်ဒရစ်အသင်းကလည်း ရိုးရစ်ဖ်ကို သုံးဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်(၅) အပြီးတွင် ၁၆ သင်းအဆင့်သို့ တက်ရောက်ထားနိုင်သည့် အသင်း (၁၁)သင်း ပေါ်ထွက်လာခဲ့ပြီဖြစ်ရာ အဆိုပါအသင်းများတွင် အိုင်းယက်စ်၊ ဘိုင်ယန်မြူးနစ်၊ ချယ်ဆီး၊ အင်တာမီလန်၊ ဂျူဗင်တပ်စ်၊ လီဗာပူး၊ မန်စီးတီး၊ မန်ယူ၊ ပီအက်စ်ဂျီ၊ ရီးရဲမက်ဒရစ်နှင့် လစ္စဘွန်းအသင်းတို့ ပါဝင်သည်။

အောင်ဇော်