ပြီးခဲ့သည့်နှစ်က ထုတ်ပြန်ထားသည့် အခြေခံရည်ညွှန်း စပါးဈေးနှုန်းအတိုင်း ဆက်လက်ဝယ်ယူပေးရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ကြေညာ

ရန်ကုန် ၂၇ မတ်


ပြီးခဲ့သည့်နှစ်က ထုတ်ပြန်ထားသည့် အခြေခံရည်ညွှန်း စပါးဈေးနှုန်းအတိုင်း ဆက်လက်ဝယ်ယူပေးရန် မတ် ၂၆ ရက်က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ကြေညာထားသည်။


မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် တောင်သူလယ်သမားများ၏ အကျိုးကျေးဇူးအတွက်  အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲ စသော အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် ဧည့်မထ အမျိုးအစား ၄၆ ပေါင်ကိုက် စပါးတင်း ၁၀ဝ လျှင် ငွေကျပ် ငါးသိန်းဈေးနှုန်းကို အခြေခံ၍ ဝယ်ယူပေးရန် ၂၀၁၈ ခုနှစ် မတ် ၆ ရက်တွင် ထုတ်ပြန်ကြေညာပြီးဖြစ်ကြောင်း၊  အဆိုပါ စပါးဈေးနှုန်းကြေညာချက်သည် ၂၀၁၉ ခုနှစ်အတွင်း အခြေခံစပါး ဈေးနှုန်း ထပ်မံကြေညာခြင်းမပြုမီကာလအတွင်း အကျုံးဝင်နေသောကြောင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ အသင်းဝင် ဆန်စက်များ၊ ဆန်စပါးကုန်သည်များ၊ အကျိုးဆောင်များနှင့် ပုဂ္ဂလိက ကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့် ယင်းကြေညာ ချက်ပါအတိုင်း လိုက်နာဆောင်ရွက်ပေးရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ထို့ပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်စပါးဈေးကွက်အတွင်း ဝယ်လိုအား မြင့်တက်လာစေရေး၊ ပြည်ပနိုင်ငံ များသို့ တင်ပို့ရောင်းချမှုများ ပိုမိုအားကောင်းလာစေရေးအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိရာ အကယ်၍ ဒေသအလိုက် ဈေးကွက်ပေါက်ဈေးသည် အခြေခံ ဈေးအောက်ရောက်ရှိပါက အခြေခံဈေးဖြင့် ဝယ်ယူပေးရန်အတွက် အသင်းချုပ် အသင်းဝင်ဆန်စက်များ၊ ဆန်စပါးကုန်သည်များမှ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်သဖြင့် အသင်းချုပ်ရုံးသို့ ဆက်သွယ် နိုင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


“မနေ့က ကြေညာထားတယ်၊ ဒီဟာကို ဆက်ပြီးတော့ ဒီအတိုင်း ဆက်လက်ထိန်းသိမ်းဝယ်ယူဖို့ဆိုတော့ ဒီဟာ နောက်အမိန့် တစ်စုံတစ်ရာ ညွှန်ကြားချက်၊ ကြေညာချက် မထွက်ခင်တော့ ဒီအတိုင်းပဲသွားမှာပါ”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဌ ဦးအောင်သန်းဦးက ပြောသည်။


လက်ရှိ ဈေးကွက်အတွင်း စပါးတင်းတစ်ရာဈေးနှုန်းမှာ ငွေကျပ် ငါးသိန်းနှစ်သောင်းမှ ငါးသိန်းခြောက်သောင်းအထိရှိပြီး ငါးသိန်း အောက်ကျဆင်းမသွားစေရေး ဝိုင်းဝန်းကြိုးစားရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။


အသင်းချုပ်အနေဖြင့် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က စပါးတင်း ၁၀ဝ လျှင် ငွေကျပ် ငါးသိန်းဈေးနှုန်းကို အခြေခံ၍ ဝယ်ယူပေး ရန် အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ဈေးကွက်ပေါက်ဈေးသည် အခြေခံဈေးနှုန်း၏အပေါ်တွင် ဖြစ်ပေါ်ပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရမည်ဖြစ်ပြီး အကယ်၍ ဈေးကွက်ပေါက်ဈေးသည် အခြေခံဈေးနှုန်း အောက်တွင် ကျဆင်းဖြစ်ပေါ်ပါက အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူရမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ 

ထိုသို့ အခြေခံရည်ညွှန်း စပါးဈေးနှုန်း သတ်မှတ်ရခြင်းမှာ လုပ်ကွက်ငယ်တောင်သူလယ်သမားများ အပါအဝင် တောင်သူလယ်သမားအများစုစိုက်ပျိုးသော သာမန်စပါးအမျိုးအစားများသည် စပါးပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းလေ့ရှိသောကြောင့် အဆိုပါလုပ်ကွက်ငယ် တောင်သူလယ်သမားအများစု၏ အကျိုးစီးပွားကို ဦးစားပေးသောအားဖြင့် ၎င်းတို့စိုက်ပျိုးသော စပါးများအတွက် အခြေခံဈေးနှုန်းအဖြစ် သတ်မှတ်ထုတ်ပြန်ပေးခြင်းဖြစ်ကြောင်း သိရသည်။ 


အခြေခံစပါးဈေးနှုန်း သတ်မှတ်ခြင်းကိုလည်း တောင်သူလယ်သမားများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်၊ အကျိုးအမြတ်၊ ပြည်တွင်းဈေးကွက်ဈေးနှုန်းများ၊ နိုင်ငံတကာဈေးနှုန်းများ စသော အခြေအနေများကို မျက်ခြည်မပျက် လေ့လာသုံးသပ်ပြီး သက်ဆိုင်ရာ စိုက်ပျိုးထုတ်လုပ်မှုရာသီအတွက် ဖြစ်သင့်သော အခြေခံဈေးနှုန်းကို ရာသီအလိုက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ကြေညာထားသည်။


ငြိမ်းငြိမ်း