ပိတ်ရက်ကုန်ဆုံးချိန် အရောင်းအဝယ်ဖြစ်လာသည့် ရန်ကုန်ကားဈေးကွက်

မင်းသော်

 

နှစ်သစ်ကူးပိတ်ရက် များပြားသဖြင့် အရောင်းအဝယ် ရပ်တန့်နေခဲ့သည့် ရန်ကုန်ကားဈေးကွက်တွင် ပိတ်ရက်ကုန်ဆုံးချိန် အဝယ်လိုက် အရောင်းသွက်လာကြောင်း ရန်ကုန်ကားလောကသားများထံမှ သိရှိရသည်။

“ကားဈေးကွက်မှာ ၁၀ ရက်လောက်ရှိပြီ။ ပိတ်ရက်တွေများတဲ့အတွက် အရောင်းအဝယ် ရပ်တန့်နေခဲ့ပါတယ်။ ဒါပေမယ့် ဈေးကွက် လိုအပ်ချက်အရ ပိတ်ရက်ကုန်ဆုံးချိန်မှာတော့ အရောင်းအဝယ်က တော်တော်လေး သွက်လာတယ်။ အများစုကတော့ အင်ဂျင်ပါဝါနိမ့်ကားတွေ အရောင်းအသွက်ဆုံးပဲ။ နယ်အကြိုက် ဖိုးဝှီး လမ်းကြမ်းသုံး မော်တော်ကားတွေလည်း တော်တော်လေး အမေးများနေတာကို တွေ့ရတယ်” ဟု ကားအရောင်းအဝယ်လုပ်ကိုင်သူ ကိုကျော်ဇေယျာဝင်းကပြောသည်။

 

ရောင်းလိုသည့်ကားများ ရှားပါး

 

လက်ရှိဈေးကွက်အတွင်း အရောင်းအဝယ် အဖြစ်ဆုံးမှာ ဟွန်ဒါဖစ် အမျိုးအစားများဖြစ်ကြပြီး အင်ဂျင်ပါဝါ ၁၃၀ဝ စီစီနှင့် မီနီထရပ်ကားလေးများ အင်ဂျင်ပါဝါ ၆၆၀ စီစီ ကားများဖြစ်ကြောင်း သိရှိရသည်။ ဈေးကွက်ဝယ်လိုအား မြင့်လာသဖြင့် ရောင်းချလိုသည့် ကားများရှားပါးနေကြောင်းနှင့် ယာဉ်မှန်ကန်ကြောင်း စိစစ်ထားပြီးဖြစ်သည့် ကားများမှာ ဈေးကွက်သို့ရောက်ရှိသည်နှင့်ပင် အဝယ်ရှိကြောင်း ကားဝယ်ရောင်းအချို့က ပြောသည်။

 

“စစ်ဆေးပြီးသားကားတွေ ဆိုရင်တော့ ကားလောကထဲ ချလိုက်တာနဲ့ အဝယ်ဖြစ်သွား ကြတယ်။ အများစုက အချိန်ကုန်မခံချင်ကြသလို ရောင်းသူတွေကလည်း ကိုယ့်ကားကိုယ် မယုံ တာမျိုးတွေ ရှိတတ်တယ်။ ဒါကြောင့် စစ်ပြီးသား ကားတွေက ပိုပြီးအရောင်းသွက်တယ်။ ဝါမဝင်ခင် အထိတော့ ကားဈေးကွက်က အခြေအနေ ကောင်းနိုင်တယ်လို့ ထင်ပါတယ်။ အများစုက ငွေကျပ် သိန်း ၁၇၀ လောက်ကနေ ၂၅၀ အကြား သုံးစွဲပြီး ကားဝယ်ကြတာများတယ်။ အဲဒီငွေနဲ့ ကိုက်ညီမှုရှိပြီး စီးနင်းရတာ သက်သောင့် သက်သာဖြစ်တဲ့ ကားလေးတွေ အမေးများတယ်။ ဟွန်ဒါဖစ်ကတော့ တစ်ပတ်ရစ် ဂျပန်ကားဈေး ကွက်ကို ဦးဆောင်နေဆဲပါပဲ။ အားလုံးက ညာမောင်းကိုပဲ ပိုပြီး စိတ်ဝင်စားဆဲဖြစ်တာမို့ ဘယ်မောင်းကားတွေကတော့ ၂၀၁၉ ခုနှစ် တစ်နှစ်လုံးမှာ ဦးဆောင်နိုင်တဲ့ အနေအထား မရောက်နိုင်သေးဘူးလို့ ခန့်မှန်းရတယ်”ဟု ကား အရောင်းအဝယ်လုပ်ကိုင်သူ ကိုသစ္စာက ပြောသည်။

 

တစ်ပတ်ရစ် ဂျပန်ကားများအပြင် စလစ် ကပ်ကား ငွေကျပ် သိန်း ၄၀ဝ ဝန်းကျင် မော်တော် ကားများလည်း ဈေးကွက်အတွင်း မြင်တွေ့ ရပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

 

ကားသစ် စိတ်တိုင်းကျမှာ

 

“စလစ်ကတော့ လက်ရှိမှာ လိုအပ်နေတာ ဆိုတော့ စလစ်ကပ်ကား ဈေးကွက်ကလည်း ပုံမှန်တော့ ရှိနေတာပေါ့။ လူတန်းစားတစ်ရပ် အတွက်ကလည်း ကားသစ်တွေ စိတ်တိုင်းကျ မှာယူစီးနင်းကြတာတွေ ရှိတယ်လေ။ ဒါပေမယ့် ရန်ကုန်လိုင်စင်နဲ့ ပတ်သက်လာရင်တော့ လက်ရှိ မှာ စောင့်ကြည့်နေကြပြီး အဲဒီ ဝိုင်ဗွီကျူစီစနစ်နဲ့ ချထားပေးဖို့ တိတိကျကျဖြစ်လာခဲ့ပြီဆိုရင်တော့ ဈေးကွက်အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။ ဒီစနစ်နဲ့ ပတ်သက်ပြီးတော့လည်း အများစု ကတော့ အင်ဂျင်ပါဝါကိုလိုက်ပြီး ဈေးနှုန်း ကွာခြားချက်နဲ့ ချထားပေးဖို့ မျှော်လင့်နေကြ ပေမယ့် အခြေအနေကတော့ ခန့်မှန်းရခက်တယ်။ တစ်ပြေးညီ ငွေကျပ် သိန်း ၉၀ နဲ့ ရန်ကုန်လိုင်စင် ချထားမယ်ဆိုရင်တော့ ပြည်တွင်းတပ်ဆင် ထုတ်လုပ်တဲ့ ကားသစ်တွေကိုပဲ အားလုံးက စီးနင်းကြတော့မှာဖြစ်သလို တော်တော်လေး ငွေကြေးချမ်းသာပြီး အပိုသုံးနိုင်သူတွေမှသာ ပြည်ပကနေ တင်သွင်းကြတော့မယ်”ဟု ကိုသစ္စာ က ထောက်ပြသည်။

 

ရန်ကုန်လိုင်စင်ကိုမှ ရယူလိုသူများအတွက်ကတော့ ဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး နယ်လိုင်စင်များနှင့် နှိုင်းယှဉ်ပါက မော်တော်ယာဉ် အရည်အသွေးချင်းတူပါက ဈေးနှုန်း ငွေကျပ်သိန်းရာနှင့်ချီ၍ ကွာခြားလျက်ရှိခြင်းမှာ ရန်ကုန်လိုင်စင်ကိုင်ဆောင်ထားသည့် ကားပိုင်ရှင် ရောင်းချလိုသူများအတွက်တော့ သတင်းကောင်း ပင်ဖြစ်ကြောင်း ကိုကျော်ဇေယျာဝင်းက ပြောကြားပြီး လက်ရှိတွင်တော့ အရောင်းအဝယ် ဖြစ်နေသည့်အခြေအနေတွင် ရန်ကုန်လိုင်စင် ဈေးမာများ မပါဝင်ဘဲ ဈေးနှုန်းသင့်တော်သည့် နယ်လိုင်စင်က ပိုမိုများပြားနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

 

ရန်ကုန်လိုင်စင်ကို မည်သည့်ပုံစံဖြင့် ချထား ပေးမည်ဆိုသည်မှာ မသေချာသေးသည့်အတွက် သက်တမ်း နှစ် ၂၀ ယာဉ်အို ယာဉ်ဟောင်းအပ်နှံမှု စလစ်ဈေးနှုန်းများသည်လည်း ငြိမ်သက်နေပြီး ဈေးမာလျက်ရှိနေသေးသည်။ စလစ်တစ်စောင် လျှင် ငွေကျပ် သိန်း ၁၃၀ ဝန်းကျင်တွင် ရပ်တန့် နေပြီး အရောင်းအဝယ်မှာ မရှိသလောက်ဖြစ်နေ ကြောင်း သိရှိရသည်။

 

ဈေးတက်ဈေးကျ မရှိ

 

“လက်ရှိကားဈေးကွက်တော့ ကုန်သည် မကြိုက်ဘဲ ဝယ်သူကြိုက်တဲ့ အနေအထား ဖြစ်နေပါတယ်။ နယ်လိုင်စင်ကားတွေကိုပဲ အများစုက ဝယ်လာကြတယ်။ ဒါကလည်း ရန်ကုန် လိုင်စင်မဟုတ်ဘဲ နယ်ကားတွေ ရန်ကုန်မှာ မောင်းနှင်တဲ့အရာတွေက နောက်ပိုင်းမှာ မူဝါဒဆိုင်ရာ ဘယ်လို ဖြစ်လာမလဲဆိုတာက မပြောနိုင်သေးပါဘူး။ လက်ရှိမှာတော့ ရန်ကုန်ကားက နယ်ကားထက် ဈေးမြင့်နေတာကြောင့် ဈေးနိမ့်တာကို ပြောင်းဝယ်စီးကြတဲ့သဘောပေါ့။ ကားဈေးကွက် အပြောင်းအလဲဆိုတာက နိုင်ငံရဲ့ စီးပွားရေးအခြေအနေ၊ ဘဏ်လုပ်ငန်း ဖွံ့ဖြိုးမှုတွေ၊ တည်ငြိမ်အေးချမ်းမှုတွေနဲ့လည်း ဆိုင်ပါတယ်။ အခုကာလကတော့ ပုံမှန်လေးပဲသွားနေတယ်။ ဈေးတွေကလည်း ကျသွားဖို့ မရှိသလို၊ တက်လာ ဖို့လည်း မရှိနိုင်သေးဘူး”ဟု ကိုသစ္စာက သူ့အမြင်ကို ပြောသည်။

 

 

မြန်မာ့အလင်း

 

 

mdn