ပိုးသားကောင်းကင်ပြာအောက်မှ အစိမ်းရောင်မြို့တော်

၁၀  ဒီဇင်ဘာ

တရုတ်အရှေ့ပိုင်းလေကြောင်းလိုင်း၏ ‌ ခရီးစဉ်အမှတ် (MU 2012) ဘိုးအင်း ၇၃၇-၇၀ဝ လေယာဉ်ကြီး နန်နင်း လေဆိပ်သို့ ဆင်းသက်ချိန်တွင် နေဝင်လုပြီ။ ယခု တစ်ကြိမ်သည် ကျွန်တော့်အဖို့ တရုတ်မြေပေါ်သို့ ဒုတိယ အကြိမ်ခြေချခွင့်ရခြင်းဖြစ်သည်။ လွန်ခဲ့သည့် ၁၆ နှစ်တာ ကာလ ၂၀ဝ၃ ခုနှစ်က တရုတ်နိုင်ငံလုံးဆိုင်ရာ သတင်းစာ ဆရာများအသင်း (ACJA) ၏ ဖိတ်ကြားချက်အရ မြန်မာ သတင်းစာဆရာ အဖွဲ့၏ တရုတ်နိုင်ငံသို့ လေ့လာရေး ခရီးစဉ်မှာ အဖွဲ့ဝင်တစ်ဦး အဖြစ် လိုက်ပါလေ့လာခွင့် ရခဲ့သည်။ ထိုစဉ်ကပင် တရုတ်နိုင်ငံသည် ဖွံ့ဖြိုး တိုးတက်မှု အရှိန်အဟုန် ကောင်းကောင်းဖြင့် ၂၁ ရာစု ၏ ကမ္ဘာ့မျက်နှာစာမှာ နေရာ ယူနေခဲ့ပြီ။ တရုတ်ပြည်သူများ မှာလည်း ၎င်းတို့၏ အနာဂတ် ကို မျှော်လင့်ချက် မြင့်မြင့် မားမားဖြင့် အင်တိုက်အားတိုက် တည်ဆောက်နေ ကြချိန်။ ကမ္ဘာ့နိုင်ငံများစွာတို့ ပါဝင်ဆင်နွှဲကြမည့် ၂၀ဝ၈ ခုနှစ် ပေကျင်း နွေရာသီ အိုလံပစ်ပွဲတော်ကြီးတွင် ခေတ်သစ်တရုတ်ပြည်ကြီးကို ကမ္ဘာသို့ ကြီးကျယ် ခမ်းနားစွာ ထုတ်ဖော်ပြသနိုင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြချိန်။ ပေကျင်းမြို့တော်ကြီးတွင် အဟောင်းအနွမ်းများကို ဖြိုဖျက်၊ သစ်လွင်တောက်ပမှုများဖြင့် အစားထိုး၊ ယဉ်ကျေးမှုအမွေအနှစ်များကို ထုတ်ဖော်ထိန်းသိမ်း၊ ပြိုပျက်နေသည်များကို တည်ဆောက်ပြုပြင်…စသည်ဖြင့် အံ့သြဖွယ်၊ အားရဖွယ်၊ တက်ကြွဖွယ်၊ စိတ်ဝင်စားဖွယ်၊ အတုယူဖွယ်မြင်ကွင်းများကို မျက်ဝါးထင်ထင် မြင်ခွင့်ရခဲ့သည်။

နိုင်ငံတစ်နိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု၊ ဆုတ်ယုတ် ကျဆင်းမှုတို့အတွက် ထိုနိုင်ငံနေ ပြည်သူပြည်သား အားလုံးတွင် တာဝန်ရှိသည်ဟူ၍ တရုတ်တို့က ခံယူထား ကြသည်။ ပြည်သူပြည်သားဟုဆိုရာတွင် ခေါင်းဆောင် များ၊ ဦးစီးဦးဆောင်ပြုသူများ၊ လက်တွေ့အကောင် အထည်ဖော်သူများနှင့် လိုက်ပါဆောင်ရွက်ကြသူ အဆင့် ဆင့် အားလုံးပါဝင်သည်။ အောက်ခြေအဆင့်ရှိ လုံခြုံရေး၊ သန့်ရှင်းရေး၀န်ထမ်းတို့သည်ပင်လျှင် ကိုယ့်တာဝန်ကိုယ် တိတိကျကျ တာဝန်ကျေပွန်ကြသည်ကို လေးစားဖွယ် တွေ့ရသည်။

လူဦးရေသန်းပေါင်း ၁၄၀ဝ ကျော်၊ နိုင်ငံအကျယ် အဝန်း စတုရန်းကီလိုမီတာ ၉ ဒသမ ၆သန်းကျော်ရှိပြီး စီးပွားရေးတွင် ကမ္ဘာ့အဆင့် ၂ သို့ ရောက်ရှိနေသည့် ယနေ့ တရုတ်ပြည်ကြီး၏ အောင်မြင်မှုများမှာ လွယ်လွယ် ကူကူရရှိခဲ့ခြင်းမဟုတ်။ တရုတ်ပြည်သစ်ကို စတင်တည် ထောင်သည့် ၁၉၄၉ ခုနှစ်မှ စတင်ရေတွက်လျှင် နှစ်ပေါင်း ၇၀ ကာလအတွင်းမှာပင် ချွတ်ချော်တိမ်းပါးမှု၊ လွဲမှားမှု များ၊ အားပြိုင်မှု၊ ပွတ်တိုက်မှုများနှင့် ပေးဆပ်ရမှု ကိန်းဂဏန်းသန်းပေါင်းများစွာတို့ ရှိခဲ့သည်။ မည်သို့ပင် ဆိုစေ ဤဆောင်းပါးအစတွင် ဖော်ပြခဲ့သည့် ဂျက်မား၏ မှတ်သားဖွယ်စကား ကောက်နုတ်ချက်က တရုတ်လူမျိုး တို့၏ ခံယူချက်၊ မျှော်လင့်ချက်နှင့် ဇွဲလုံ့လဝီရိယတို့ကို ထင်ဟပ်နေသည်။

တရုတ်တောင်ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုး မြို့သား မားယွန်ခေါ် ဂျက်မားသည် ပိုင်ဆိုင်မှု အမေရိကန် ဒေါ်လာ ၄၀ ဘီလီယံခန့်ရှိသော ကမ္ဘာကျော်သူဌေးဖြစ် သည်။ ၁၉၆၄ ခုနှစ် ဖွားဖြစ်၍ သူ၏ငယ်ဘဝတွင် ယဉ်ကျေးမှု တော်လှန်ရေးကာလနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှု ကာလများကို ဖြတ်သန်းခဲ့ရသူ။ သာမန်မိဘနှစ်ပါးမှ မွေးဖွားလာခဲ့ပြီး ငယ်ဘဝတွင် ရုန်းကန်ကြိုးစားခဲ့ရသည့် ဂျက်မားက ပစ္စုပ္ပန်တွင်မူ ကမ္ဘာကျော်ဖော့ဘ်စ်မဂ္ဂဇင်းက ရွေးချယ်ဖော်ပြသည့် ကမ္ဘာ့သြဇာအရှိဆုံးပုဂ္ဂိုလ်များ စာရင်း တွင် သြဇာရှိသူတစ်ဦးအဖြစ် စာရင်းပေါက်နေပြီဖြစ် သလို ဂျက်မားနှင့်အပေါင်းအသင်းတစ်စုတို့ ဟန်ကျိုး မြို့တွင် လွန်ခဲ့သည့်နှစ် ၂၀ က တည်ထောင်ခဲ့သည့်ကုမ္ပဏီ အလီဘာဘာက ယခုအခါ ကမ္ဘာ့အကြီးဆုံး e-commerce ကုမ္ပဏီကြီး ဖြစ်နေပြီဖြစ်သည်။ ဈေးဝယ်မည့်သူတစ်ဦး အဖို့ မိမိအလိုရှိသည့် မည်သည့် ကုန်ပစ္စည်းကိုမဆို ပင်အပ်မှသည် လေယာဉ်ပျံအထိ မည်မျှပမာဏ ဖြစ်စေ Alibaba.com သို့ အချိန်အခါမရွေး ဆက်သွယ် ဝယ်ယူနိုင်သည်။ သို့ရာတွင် အလီဘာဘာသည် ကုန်ထုတ်လုပ် သည့် ကုမ္ပဏီမဟုတ်။ အချက် အလက် (Data) များ ဝန်ဆောင်မှု ပေးသည့် ကုမ္ပဏီဖြစ်သည်။ အင်တာနက်တွင် အလီဘာဘာဟု ရိုက်ထည့် ရှာဖွေလိုက်သည်နှင့် တရုတ်ပြည် ဟန်ကျိုးမြို့ အခြေစိုက် ဂလိုဘယ် ကုမ္ပဏီကြီး အလီဘာဘာ ၏ အကြောင်းအရာများကိုသာ စတင်တွေ့ရှိရမည်။ မူလ လက်ဟောင်း အာရေဗျပုံပြင်ထဲမှ သူခိုး အလီဘာဘာ၏ အကြောင်းမှာမူ တော်တော်ရှာနိုင်မှ တွေ့ရသည့် အနေအထားသို့ ရောက်သွားခဲ့ပေပြီ။

စိမ်းလန်းတဲ့တောတွေနဲ့ စိမ်းစိုတဲ့တောင်တွေက ရွှေတောင်၊ ငွေတောင်တွေဖြစ်တယ်လို့ ကျွန်မတို့ရဲ့နိုင်ငံ့ခေါင်းဆောင်က ပြောပါတယ်”

မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို ရှင်းပြနေသည့် စကားပြန် တရုတ်အမျိုးသမီးကလေး၏ စကားသံကြောင့် ကျွန်တော့်အတွေးတို့ ပြတ်တောက်သွားသည်။ မိမိတို့ကို လေဆိပ်မှ ကြိုဆိုခေါ်ဆောင်လာသည့် ဧည့်ကြိုမီနီဘတ်စ် ကားလေးက တရိပ်ရိပ်ပြေးလွှားနေဆဲ။ လမ်း၏ဝဲယာမှာ တွေ့နေရသည့် တောင်ကုန်းများက ပြုပြင်ထိန်းသိမ်းထားသည့် လက်ရာများဖြင့် စိမ်းလန်းနေကြသည်။ မြေကမ်းပါးယံများကိုပြိုမကျစေရန် နည်းပညာများဖြင့် ထိန်းသိမ်း ထားသလို တောင်ကုန်းများကို ယူကလစ်ပင်များအပြည့် စိုက်ပျိုး၍ စိမ်းစိုနေအောင် ထိန်းသိမ်းထားကြသည်။ မြန်မာနိုင်ငံမှ ယူကလစ်ပင်မျိုးနှင့်တူပုံမရသည့် ယူကလစ် ပင်သေးသေးများကို ဝါးပင်များသဖွယ် စိပ်စိပ်စိုက်ထား ကြခြင်းဖြစ်သည်။ နန်နင်းမြို့အဝင်မှာ မိုးမျှော်တိုက်များစွာ ဆောက် လုပ်ထားသည်ကို တွေ့ရသည်။ နေဝင်စချုပ်ညရီ မှာ အမှောင်ကျနေသည့် မိုးမျှော်တိုက်ရပ်ကွက်ကြီးများကို တွေ့မြင်ရသည်မှာ လွမ်းဖွယ်လိုလို ရသတစ်မျိုးခံစားရ သည်။ အနာဂတ်တွင် တိုးလာမည့် မြို့ပြလူဦးရေအတွက် ကြိုတင်မျှော်တွေး ဆောက်လုပ်ထားခြင်းဖြစ်သည်ဟု မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးသက်နောင်က ပြောကြား သည်။ သူသည် မြန်မာပြန်ကြားရေးဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်တစ်လျှောက်လုံး အနီးကပ်လိုက်ပါ၍ လိုအပ်သမျှ ကူညီဖြည့်ဆည်းပေးခဲ့သူလည်း ဖြစ်သည်။ ငယ်ရွယ်ဖျတ်လတ်ပြီး စိတ်သဘောထား ကောင်းမွန်သူ၊ ခင်မင်နှစ်လိုဖွယ်ကောင်းပြီး သံတမန် ပီသသူ၊ မျိုးချစ် စိတ်ဓာတ်ရှိသူ လူငယ်တစ်ဦးအဖြစ် သူ့ကို ရှုမြင်မိ သည်။

ကွမ်ရှီးသည် တရုတ်နိုင်ငံ၏ တိုင်းရင်းသားကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ငါးခုအနက်မှ တစ်ခုဖြစ်သည်။ တိဗက်၊ ရှင်ကျန်း၊ အတွင်းမွန်ဂိုလီးယားနှင့် နင်းရှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှာ တရုတ်နိုင်ငံ၏ အနောက်ဘက်၊ အနောက်မြောက်ဘက်၊ မြောက်ဘက် ဒေသများမှာရှိ၍ ကုန်းတွင်းပိုင်းဒေသများဖြစ်ပြီး ကွမ်ရှီး သည်သာ ပင်လယ်ကမ်းရိုးတန်းရှိသည့် တစ်ခုတည်းသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည်။ တုံကင်ပင်လယ် ကွေ့ကို မျက်နှာမူထားသည့် ကွမ်ရှီး၏ ဆိပ်ကမ်းများမှာ အခြားသောတရုတ်တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ ဆိပ်ကမ်း မြို့များ၏ ဖွံ့ဖြိုးတိုးတက်မှုကို မမီသေး။ သို့ရာတွင် ဒေသ၏အားသာချက်ဖြစ်သည့် အာဆီယံနိုင်ငံများနှင့် နီးကပ်စွာတည်ရှိနေမှုကို အသုံးချကာ ကွမ်ရှီးသည် အရှေ့တောင်အာရှဒေသ စီးပွားကူးသန်းမှု၏ အချက်အချာနေရာကိုရရှိရန် ကြိုးပမ်းလျက်ရှိသည်ကို တွေ့ရ သည်။

 

ja

 

ကွမ်ရှီးသည် တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့်အလျောက် ကျွမ့်၊ ယောင်၊ မြောင်၊ တုန့်၊ ဟွေ အပါအဝင် အခြားတိုင်းရင်းသားများလည်း နေထိုင် ပြီး တရုတ်ပြည်တွင် တိုင်းရင်းသားလူနည်းစုတို့ စုပေါင်း နေထိုင်မှု အမြင့်မားဆုံးဒေသဖြစ်သည်ဟု ဆိုသည်။ မိမိတို့အမြင်မှာတော့ နေ့စဉ်လူနေမှုဘဝမှာ တရုတ်လူမျိုးများဟုသာ တွေ့မြင် ရသည်။ ရိုးရာအ၀တ်အစားများ ၀တ်ဆင်ထားကြခြင်း မဟုတ်ဘဲ ခေတ်မီအဝတ်အစားများကို ဝတ်ဆင်ထားကြ ခြင်းဖြစ်၍ အားလုံးအတူတူ။ သူတို့ပြောသည့် စကား များမှာလည်း တရုတ်စကားများသာဟု ထင်မိသည်။ ကျွမ့်ဘာသာစကားဖြင့် ပြောသည်ကို တရုတ်စကားဟုပင် ထင်သည်။

ဒီလိုအဖြစ်မျိုး ပထမတစ်ခေါက် တရုတ်ပြည်ကို ရောက်စဉ်ကလည်း ကြုံခဲ့ရသည်။ ယူနန်စားသောက်ဆိုင် တစ်ဆိုင်တွင် ဆိုင်ရှင်ယူနန်သူနှင့် မြန်မာအဖွဲ့ကိုလိုက်ပို့သည့် စကားပြန်ယူနန်သူတို့ စကားပြောကြသည်ကို မိမိတို့မြန်မာအဖွဲ့က တရုတ်စကားပြောနေသည်ဟုသာ ထင်နေမိသည်။ မြန်မာအဖွဲ့၏ ဆက်သွယ်ရေးအရာရှိ (Liaison Officer) ပေကျင်းမြို့သားကလည်း ယူနန်သူနှစ်ဦး မြန်မာစကားပြောနေသည်ဟုသာ ထင်မိခဲ့ကြောင်း ပြော၍ရယ်မောခဲ့ကြရသည်။ ယူနန်သူနှစ်ဦး ယူနန်စကားဖြင့် ဘာပြောခဲ့ကြသည်ကို ရန်ကုန်သားတွေရော၊ ပေကျင်းသားပါ မသိလိုက်ကြရ။

နန်နင်းကတော့ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်ဖြစ်သည်။ မြို့ကိုအတိုကောက်အမည် အဖြစ် “ယုံ”ဟု ခေါ်ကြသည်ဟု ဆိုသည်။ မြို့လယ်မှာ ဖြတ်သန်းစီးဆင်းနေသည့် ယုံမြစ်(Yong Jiang) ကို အစွဲပြု ခေါ်သည်လားတော့ မပြောတတ်။ စကားပြန် တရုတ်မိန်းကလေးများကတော့ သူတို့၏မြို့သည် စိမ်းလန်းသည့် မြို့တော်၊ သစ်သီးဝလံပေါများသည့် မြို့တော်၊ ပန်းမြို့ တော်၊ ရေထု မြေထု လေထုတို့ သန့်ရှင်းသည့်မြို့တော်၊ ယဉ်ကျေးမှုအချက်အချာမြို့တော် စသည့်စကားလုံးများကို အလျဉ်းသင့်သလို သုံးစွဲ၍ အမွှမ်းတင်ပြောကြသည် ကိုကြားရသည်။ မျက်မြင်အားဖြင့်လည်း မှန်ကန်ပါသည်။ နန်နင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို အရှိန် အဟုန်ဖြင့် ဆောင်ရွက်နေသော်လည်း ပတ်ဝန်းကျင် မညစ်ညမ်းအောင် အထူးဂရုစိုက်ဆောင်ရွက်ကြကြောင်း မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးသက်နောင်က ပြောကြား သည်။ မိုးမျှော်တိုက်ကြီးများကို အစိတ်အပိုင်းအလိုက် ကြိုတင်ထုတ်လုပ်ပြီးမှ တပ်ဆင်တည်ဆောက်ကြခြင်း ဖြစ်သဖြင့် ဖုန်၊ အမှုန်၊ အမှိုက်သရိုက်များ ထွက်ရှိမှုနည်းပါး သွားပြီး အသံဗလံဆူညံမှုလည်း လျော့ကျစေကြောင်း စသည်ဖြင့်ရှင်းပြသည်။

နန်နင်းမြို့၏ သမိုင်းသည် နှစ်ပေါင်း ၁၇၀၀ ကျော် ရှိပြီဟု ဆိုသည်။ လက်ရှိတွင် လူဦးရေ ၇ ဒသမ ၇သန်း ကျော်ရှိ၍ ရန်ကုန်နှင့်မတိမ်းမယိမ်းပင်။ လက်ရှိအခြေ အနေတွင် မြို့၏ စိမ်းလန်းဧရိယာ လွှမ်းခြုံမှု ၄၃ ဒသမ ၇၈ ရာခိုင်နှုန်း၊ မြို့၏ လေထုအရည်အသွေးကောင်းမွန်မှု ၉၅ ဒသမ ၅ ရာခိုင်နှုန်းရှိနေသည်။ ကိန်းဂဏန်းနှင့် မျက်မြင်တို့မှာလည်း ကိုက်ညီသည်ဟု ဆိုရမည်။ နန်နင်း မြို့ကို တောင်များ၊ မြစ်ချောင်းများက ၀န်းရံထားသည်။ ၁၉၄၉ ခုနှစ်မတိုင်မီက နန်နင်းသည် သာမန်မြို့ငယ် လေးတစ်ခုသာဖြစ်သည်။ ထိုစဉ်က ‌‌‌‌ဒေသ၏မြို့တော်မှာ ကွေ့လင်ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ လွတ်မြောက်ရေးစစ်ပွဲအပြီးတွင် နန်နင်းက ကွမ်ရှီး‌‌‌‌‌ဒေသ ၏ မြို့တော်ဖြစ်လာသည်။ သဘာ၀ အမွေအနှစ်များဖြစ် သည့် တောင်များ၊ မြစ်ချောင်းများနှင့် လွင်ပြင်များသည် လူတို့၏ လုံ့လ၊ ဝီရိယ၊ ကာယအား၊ ဉာဏအား စိုက်ထုတ်မှုများကြောင့် နန်နင်း၏ကိုယ်ပိုင်အလှတရားတို့အဖြစ် ပြောင်းလဲသွားကြသည်။

ယုံမြစ်(Yong Jiang)ကို ဖြတ်ကျော်တည်ဆောက် ထားသည့် နန်နင်းတံတားကြီးကို ဧည့်ကြိုဘတ်စ်ကား လေးက တရိပ်ရိပ်ဖြတ်သန်းမောင်းနှင်နေစဉ်မှာ နန်နင်း ၏ဆည်းဆာအလှကို ခံစားရသည်။ မြစ်တစ်ဖက်ကမ်း ဆီက ရပ်ကွက်သစ်နှင့် ခေတ်မီအထပ်မြင့် တိုက်တာများ၊ ဗိသုကာဒီဇိုင်းဆန်းဆန်းအဆောက်အအုံများ။ မြေပေါ် တစ်ဝက်တစ်ပျက်ပေါ်နေသည့် ပျားအုံပုံသဏ္ဌာန် ဆွတ်ဆွတ်ဖြူနေသည့် အဆောက်အအုံတစ်ခုကို ညွှန်ပြ ရင်း “အဲဒါက ယဉ်ကျေးမှုကဇာတ်ရုံ၊ မြန်မာနိုင်ငံက ဖိုးချစ် လာကပြတာ နှစ်ခါရှိပြီ”ဟု ဦးစိုးသက်နောင်က ဆိုသည်။ ဧည့်ကြိုဘတ်စ်ကားလေးက ယုံမြစ်ကမ်းပါးတစ်လျှောက် လှပစွာဖောက်လုပ်ထားသည့် လမ်းအတိုင်းပြေးလွှားရင်း လိယွမ်ဧည့်ဂေဟာဆီသို့ ကွေ့ဝင်သည်။ ဧည့်ရိပ်သာ အဆောက်အအုံများကို တစ်ခုနှင့်တစ်ခု ဆက်စပ်၍ ကွေ့ကွေ့ကောက်ကောက် ဖောက်လုပ်ထားသည့် လမ်းကလေးများ၊ တောင်ကုန်းနိမ့်လေးများ၊ တောအုပ် များနှင့် လှပသည့်ရေကန်များ၊ စိမ်းလန်းအေးမြ၍ ဆိတ်ငြိမ်သည့် ပတ်ဝန်းကျင်နှင့် လိယွမ်က မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုနေသည်။

ထိုနေ့ (နိုဝင်ဘာ ၂၀ ရက်) ညဦးပိုင်း လိယွမ်ဧည့် ဂေဟာ၏ အစည်းအဝေးစင်တာတွင် ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ် စားလှယ်အဖွဲ့နှင့် ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရုတ်ကွန်မြူနစ်ပါတီကော်မတီ ဒုတိယအထွေထွေ အတွင်းရေးမှူး မစ္စတာ စွန်းတာ့ဝေ၊ ကွမ်ရှီးပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး မစ္စဖန်ရှောက်လီ၊ ဒုတိယဝန်ကြီး မစ္စတာဂန်ယီ၊ ကွမ်ရှီးနိုင်ငံခြားရေးရုံး၊ ကွမ်ရှီးရုပ်သံနှင့် မြန်မာကောင်စစ်ဝန်ချုပ်တို့ တက်ရောက်သည့် တွေ့ဆုံပွဲ နှင့် ညစာစားပွဲကို ကျင်းပသည်။ ဆွေးနွေးကြသည့် အကြောင်းအရာများက ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ခေတ်မီပြောင်းလဲတိုးတက်လာသည့် မီဒီယာ အကြောင်း၊ ကွမ်ရှီးနှင့် မြန်မာ့ရုပ်မြင်သံကြားပူးပေါင်းဆောင်ရွက်ရေးအကြောင်းများ စသည် စသည်...။

တွေ့ဆုံပွဲမှအပြန်တွင် တရုတ်ရုပ်မြင်သံကြား ဇာတ်လမ်းတွဲလေးတစ်ပုဒ်အကြောင်း အတွေးထဲမှာ ပါလာသည်။ အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်နေသည့် တရုတ်ပြည်၏ မြို့ပြများ။ မြို့ပေါ်တက်လာသည့် ရွှေ့ပြောင်းအလုပ်သမား လူငယ်လေးတစ်ဦး၏ အိပ်မက်များနှင့် ရုန်းကန်လှုပ်ရှားမှုများကို ရက်ဖွဲ့ထားသည့် ဇာတ်လမ်း။ တရုတ်နိုင်ငံ၏ မျက်မှောက်ကာလကို ထင်ဟပ်နေသည့် ရုပ်မြင်သံကြား ဇာတ်လမ်းလေအကြောင်း။ နန်နင်း၏ ညချမ်းတွင် လိယွမ်သည် တိတ်ဆိတ်ငြိမ်သက်စွာ။

အောင်နိုင်ဦး