ပခုက္ကူမြို့ ရွှေချောင်းတံတားအနီး၌ ကျောက်စီမြေထိန်းနံရံ တည်ဆောက်လျက်ရှိ

ပခုက္ကူ   ဇန်နဝါရီ   ၂၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရွှေချောင်းတံတားအနီးတွင် ချောင်းရေကြီးပြီး ကမ်းပါး တိုက်စား ပြိုကျမှုဒဏ်များမှ ကာကွယ်နိုင်ရေးအတွက် ကျောက်စီမြေထိန်းနံရံ တည်ဆောက်လျက်ရှိသည်။

၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာနှစ်၊ ခြောက်လဘတ်ဂျတ်အတွင်း ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရွှေချောင်းတံတားအနီး၌ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ် ၂၈၅ သန်းဖြင့် အလျား ပေ ၆၅၀ အရှည်ရှိသည့် ကွန်ကရစ်ပိုင်း အခြေပြု ကျောက်စီမြေထိန်းနံရံကို တင်ဒါအောင်မြင်သည့် ဂုဏ်ရောင်ထွန်းကုမ္ပဏီက ဇန်နဝါရီ ၁ ရက်မှ စတင်တာဝန်ယူ တည်ဆောက်လျက်ရှိကြောင်း၊ အဆိုပါ ကျောက်စီမြေထိန်းနံရံအား လုပ်ငန်းစံချိန်စံညွှန်း အရည်အသွေးများနှင့် ကိုက်ညီစွာ တည်ဆောက်ရေးနှင့် သတ်မှတ်လုပ်ငန်းကာလအတွင်း တည်ဆောက်ပြီးစီးနိုင်ရေးတို့အတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် မကွေးတိုင်းဒေသကြီးရုံးမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်း၊ လိုအပ်သည်များ လမ်းညွှန်မှာကြားခြင်းများ ဆောင်ရွက်ကြသည်။

ကျောက်စီမြေထိန်းနံရံကို ၂၀၂၂ ခုနှစ် မတ်လကုန်အပြီး တည်ဆောက်သွားမည်ဖြစ်ပြီး ထိုလုပ်ငန်းများ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးပါက ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရွှေချောင်းဘေးရှိ ရပ်ကွက်နေ ပြည်သူများအနေဖြင့် ချောင်းရေကြီးပြီး ကမ်းပါးတိုက်စား ကမ်းပြိုကျမှုတို့ကြောင့် နှစ်စဉ်လူနေအိမ်များ ရွှေ့ပြောင်းနေရသည့် ဘေးအန္တရာယ်တို့မှ ကင်းဝေးတော့မည် ဖြစ်ကြောင်းသိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)