ပခုက္ကူမြို့နဲ့ ဝန်းကျင်ဆီ

Thiha, the Traveller @ သီဟလုလင်

 

ယခင်အပတ်မှအဆက်
တန့်ကြည့်တောင်ဘုရား

ဧရာဝတီတံတားကနေ ၃၂ မိုင်သွားရပါတယ်။ အနော်ရထာမင်းကြီးတည်ထားတဲ့ တန့်ကြည့်တောင် စွယ်တော်မြတ် စေတီပါ။ သီဟိုဠ်ကနေ ပင့်လာတဲ့ စွယ်တော်ပွားကို တည်ထားတာဖြစ်ပါတယ်။ ပုဂံရဲ့ နေ့ချင်းဖူး ဆုတောင်းပြည့် စွယ်တော်လေးဆူထဲက တစ်ဆူဖြစ်ပါတယ်။

 

ရွှေတန့်တစ် သရက္ခန်စေတီတော်

ဧရာဝတီတံတားကနေ ၇ မိုင် သွားရပါမယ်။ ခြင်္သေ့ရုပ်အကြီးကြီး နှစ်ကောင်က ဒီစေတီရဲ့ ထူးခြားတဲ့ အမှတ်အသား တစ်ခုပါ။ ဒီစေတီထဲမှာ သရက္ခန်ရုပ်ပွားတော်ကို ကိန်းဝပ်စံပယ်စေပါတယ်။ ဒီစေတီမှာပဲ သုံးနှစ်ကျော်ကြာ ထုလုပ်ထားတဲ့ ပန်းသုံးထပ် ကနုတ်တံကဲပလ္လင်တစ်ခုကိုလည်း လေ့လာနိုင်ဦးမှာပါ။

 

ဆင်ကြို့ရွှေကူဘုရား
ဧရာဝတီတံတားကနေ ၁၅ မိုင်သွားရပါတယ်။ သရက္ခန်ရုပ်ပွားတော် ငါးဆူထဲက နောက်ထပ်တစ်ဆူကို ဒီဆင်ကြို့ရွှေကူ ဘုရားမှာ ဖူးမြင်နိုင်ပါတယ်။

 

ပခန်းကြီး စည်သူရှင် မြတ်စွာဘုရား

သနပ်ခါးဈေးတန်းလေးနဲ့အတူ ပခန်းကြီး စည်သူရှင် မြတ်စွာဘုရားကိုရောက်တော့ ယုံကြည်သက်ဝင်သူတို့က သရက္ခန်ဗုဒ္ဓ ဆင်းတုတော်လေးကို ခေါင်းထက်တင်ပြီး ဆုတောင်းနေကြတာ တွေ့လိုက်ရတယ်။ သိကြားမင်းက အလောင်းစည်သူမင်းကြီးကို ဆက်သလိုက်တဲ့ သရက္ခန်ရုပ်ပွားတော် ငါးဆူထဲက ပထမသရက္ခန်ရုပ်ပွားတော်က ဒီနေရာကို ရာဂဗလဆင်တော်နဲ့ ရောက်လာ တာမို့ မြန်မာသက္ကရာဇ် ၄၈၀ မှာ စေတီ တည်လို့ ကိန်းဝပ်စေခဲ့ကြောင်း ဖတ်ရပါတယ်။ အဲဒါကြောင့်လည်း ဘုရားက စည်သူရှင်ဘုရားရယ်လို့ ဘွဲ့တော် တွင်တာပါ။


ပခန်းကျောင်းတော်ကြီး၊ ပခန်းကြီးရွာ၊

ပခန်းကြီးမြို့ရိုးတံခါးနဲ့
ရွှေဥမင်ကျောင်းတော်ကြီး
ပခန်းကြီးမြို့ဟောင်း ဒါမှမဟုတ် ပခန်းကြီးမြို့ကို ပခုက္ကူကနေ မိုင် ၂၀ လောက် သွားရပါတယ်။ ပခန်းမြို့ဟောင်းကို လေ့လာနိုင်သလို ပခန်းစည်သူရှင် မြတ်စွာ ဘုရား (သရက္ခန်ရုပ်ပွားတော် တစ်ဆူရှိ) နဲ့ လူတို့ဖက်လို့ တစ်ဖက်မမီတဲ့ ကျွန်းတိုင်လုံးကြီး ပေါင်း ၂၅၄ လုံးနဲ့ တည်ဆောက်ထားတဲ့ ပခန်းဘုန်းတော်ကြီးကျောင်းရဲ့ ဗိသုကာ လက်ရာတွေကို လေ့လာနိုင်ပါသေးတယ်။ အတော်လေး ဓာတ်ပုံရိုက်ဖို့လှတယ်။ တစ်ခုပဲ အဲဒီကျောင်းက တောင်းရမ်းတဲ့ ကလေး၊ လူကြီးတွေကတော့ ဧည့်သည်တွေအတွက် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စေတယ်။ ဒီကျောင်းကြီးနောက်က ဘုန်းကြီး ကျောင်းမှာ စိတ်ဝင်စားစရာ ကိုကြီးကျော်ရဲ့ ရွှေသေတ္တာ၊ ငွေသေတ္တာတွေ ရှိသေးတယ်။ ဆရာတော်တွေထံ ခွင့်တောင်းပြီးတော့ ကြည့်လို့ရပါတယ်။ ဒါ့အပြင် ပုဂံရဲ့ ဟန်မပျောက်တဲ့ ပခန်းကြီးမြို့ဟောင်း မြို့ရိုး တံခါးကိုလည်း သွားရောက်လေ့လာနိုင်ပါ သေးတယ်။ အဲဒါကတော့ လမ်းတင် သွားရင်းတွေ့ပါလိမ့်မယ်။ သတိတော့ ထားရတယ်။ ကျော်သွားတတ်လို့။ ပခန်းကြီး မြို့ဟောင်းရဲ့ မြောက်ဘက်က ရွှေဥမင် ကျောင်းတော်ကြီးဟာလည်း သွားရောက် လည်ပတ်သင့်တဲ့ နေရာတစ်ခုပါ။

 

ပခန်းငယ် (ချစ်သူရွာ) ကျောင်းတော်ကြီး

ပခုက္ကူဧရာဝတီတံတားကနေ ၂၄ မိုင် ဝေးတဲ့နေရာက ပခန်းငယ် (ချစ်သူရွာ)မှာ နှစ်ပေါင်း ၁၆၀ သက်တမ်းရှိပြီဖြစ်တဲ့ ပျက်စီး နေတဲ့ ကျောင်းတော်ကြီးကို သွားရောက် လေ့လာလည်ပတ်နိုင်ပါသေးတယ်။ ဒီကျောင်းတော်ကြီးဟာ မြန်မာနိုင်ငံမှာရှိခဲ့တဲ့ သစ်သားကျောင်းတော်ရာတွေထဲက အကြီးမားဆုံးလို့ သိရပါတယ်။ အချိန် (၇)နှစ်ယူပြီး ဆောက်လုပ်ခဲ့ကာ ကျွန်းတိုင်ပေါင်း ၃၃၂ လုံးနဲ့ တည်ဆောက်ထားတာပါ။ ခုတော့ ပျက်စီးသွားခဲ့ပြီမို့ အနီးစပ်ဆုံး ကျောင်းတော် ကြီးပုံစံတူကို ဝန်းထဲမှာပဲ လေ့လာနိုင်ဖို့ ဆောက်လုပ်ထားတာ တွေ့ရပါတယ်။ ပျက်စီးနေတဲ့ တိုင်လုံးနဲ့ အုတ်လှေကားတွေကိုလည်း မူလအတိုင်း ပြသထိန်းသိမ်းထားပါတယ်။

 

ရှင်မတောင်စေတီ
ရှင်မတောင်ထိပ်မှာ အသောကမင်းကြီး တည်ထားတဲ့ စေတီရှိပါတယ်။ အဲဒီမှာ သရက္ခန်ရုပ်ပွားတော်တစ်ဆူ ကိန်းဝပ် စံပယ်ပါတယ်။ တောင်ဝန်းကျင်မှာ ပေါက်တဲ့ သနပ်ခါးပင်တွေရဲ့ အနံ့မွှေးလို့ ကျော်ကြားပါတယ်။

 

ပခုက္ကူမှာ တည်းခိုစရာ

တည်းစရာဟိုတယ်လေးတွေ ရွေးစရာများတယ်။ ပခုက္ကူမှာ ညအိပ်မယ်ဆိုရင်တော့ ရိုးမဟိုတယ်၊ သုခဟိုတယ်၊ သီရိရတနာ ဟိုတယ်၊ Royal Palace ဟိုတယ်၊ ရွှေပြည်စိန်းဟိုတယ်၊ ရွှေရည်ဦးဟိုတယ်၊ Hotel Juno တို့ ရှိပါတယ်။ နှစ်သက်ရာရွေးပါ။


ကျွန်တော်ကတော့ ပုဂံကို လာရင်း လာလည်တာမို့ ပုဂံမှာပဲ တည်းပါတယ်။ ကျွန်တော် အမြဲတည်းဖြစ်တဲ့ Bagan View Hotel (ပုဂံရှုခင်းဟိုတယ်) မှာပဲ တည်းဖြစ် တယ်။ အကြောင်းက ဖော်ရွေတယ်၊ မနက်စာ ဘူဖေး အတော်ကောင်းတယ်။ အခန်းက သန့်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ အနေနဲ့ ရေဘူးကို ပြန်ဖြည့်တဲ့ရေဘူးလေးတွေ သုံးထားတယ်။ မီးခံသေတ္တာကလည်း သံသေတ္တာကို သော့ခလောက်နဲ့ အလန်းကြီး။ ဟိုတယ်ရဲ့ အလယ်က ဟင်းလင်း လဟာ။ အလင်းရောင်ကောင်းတာလည်း ကြိုက်သလို ရာသီပွဲတော်အလိုက် အထူးအစီအစဉ် လေးတွေလုပ်ပြီး နိုင်ငံခြားဧည့်သည်တွေကို အတွေ့အကြုံသစ်ပေးတယ်။ ကျွန်တော် သွားတုန်းက ထမနဲထိုးပြိုင်ပွဲလေးလုပ်တော့ ကျွန်တော်တို့ ပြည်တွင်းခရီးသွားတွေရော ပြည်ပခရီးသွားတွေပါ အကုန်ပျော်ပြီး အားပေး ခဲ့ကြတာ အမှတ်တရပါပဲ။ ဈေးနှုန်းအားဖြင့် လည်း မကြီးတော့ ပြည်တွင်းရော ပြည်ပပါ ဧည့်သည် အမြဲများတတ်တယ်။ ကြိုတော့ ဘွတ်ကင်ယူသွားပါနော်။ ရှေ့မှာ ယွန်းထည် ဆိုင်ကြီး ရှိတာကလည်း တစ်ပန်းသာတယ်။ အနီးအနားမှာ စားသောက်ဆိုင်ကောင်းတွေ များတယ်။ အနီးဆုံးဘုရားကြီးက အာနန္ဒာမို့ သွားလာရလွယ်တယ်။ E Bike ၊ တုတ်တုတ်၊ ကားငှားတာကအစ အဆင်ပြေလို့ ပုဂံ ရောက်တိုင်း တည်းဖြစ်တာ။ ကိုယ့် ဘတ်ဂျက် နဲ့လည်း ပိုကိုက်တာပါလို့ပေါ့လေ။

 

2+

 

ပခုက္ကူမှာ စားစရာ

ညဘက်မှာ ဘားကောင်းကောင်း ထိုင်ချင်သူတွေအတွက် Excellent Restau-rant နဲ့ Bar ရှိတယ်။ သူက ဘီယာဆိုင် သက်သက်၊ Bar သက်သက်မို့ တစ်မျိုးစီ ခံစားနိုင်တယ်ပေါ့။ နှစ်ဆိုင်လုံးက ကပ်လျက်ပါပဲ။ Popa View Bar & Restaurant လည်း မြို့ရှောင်လမ်းပေါ်မှာ ရှိပါသေးတယ်။

 

အိမ်ပြန်လက်ဆောင် ဝယ်စရာ

ပခုက္ကူကနေ အပြန်လက်ဆောင်ဝယ်ဖို့က ရှင်မတောင်သနပ်ခါးတုံးနဲ့ ယောလုံချည်ကို အဓိကညွှန်းရပါတယ်။ အညာဒေသထွက် ဆီးဖျော်ရည်နဲ့ တော်ဖီ၊ မန်ကျည်းဖျော်ရည်နဲ့ တော်ဖီတွေလည်း ရှိပါတယ်။

 

2+6+

 

ဧည့်လမ်းညွှန်နဲ့ ဓာတ်ပုံရိုက်ဖို့ လိုအပ်ရင်

ဒါအရေးကြီးတယ်။ ကျွန်တော်တို့ ရေးပြလမ်းညွှန်တာအတိုင်း သွားရင် ရပေမယ့် ရှာရခက်တာ ကြုံမယ်။ အဲဒီတော့ အချိန် ပိုကုန်မယ်။ မလိုအပ်ဘဲ အင်အားနဲ့ အချိန်တွေ စိုက်မထုတ်ရအောင် ဒေသကျွမ်းကျင် ဧည့်လမ်းညွှန် လိုအပ်ပါတယ်။ ကျွန်တော်ကတော့ ပုဂံက ညီမငယ် မသန္တာကို ညွှန်းချင်တယ်။ ပခုက္ကူမှမဟုတ်ဘူး ပုဂံဝန်းကျင်ကို သူက အထူးကျွမ်းကျင်သူမို့ ဓာတ်ပုံလှလှရိုက်ချင်လို့ နေရာရှာချင်တာလား၊ သမိုင်း ဗဟုသုတလား သူက အကုန်တာဝန်ယူ လုပ်ပေးနိုင်တယ်။ သူ့ဆီ အကုန်ပုံအပ် လိုက်ရင်လည်း ရတယ်။ သူက နိုင်ငံခြားသား တွေအတွက်ရော ပြည်တွင်းခရီးသွားတွေအတွက်ပါ အကုန်စီစဉ်ပေးနိုင်သူပါနော်။

 

အညာမြေလတ်ဒေသ တစ်ခုဖြစ်တဲ့ ပခုက္ကူမြို့ကို အရင်က ထူးထွေလည်ပတ်စရာရှိမယ် မထင်မိခဲ့ပေမယ့် တကယ်တမ်း ရောက်သွားတဲ့အခါမှာ သမိုင်းအမွေအနှစ်တွေရှိရာ လေ့လာစရာ မြို့တစ်မြို့အဖြစ် ထူးခြားစွာကျွန်တော် မြင်ခဲ့ရပါတယ်။ နိုင်ငံခြားသားတွေလည်း ဝင်ထွက်သွားလာ နေတဲ့ မြို့လေးဖြစ်နေသလို ပုဂံနဲ့လည်း မဝေးလို့ လာချင်ရင် အနီးလေး လာလည် နိုင်တဲ့နေရာကောင်းလေးမှာ တည်ရှိပါတယ်။ ကျွန်တော်ကတော့ နောက်များအခါ အခွင့်သင့်ခဲ့ရင် ခုလိုနှစ်ရက်တာထက်ပိုပြီး အချိန်ကြာကြာလေးနေလို့ အနီးအပါးရွာတွေမှာ လေ့လာရေးဆင်းချင်ပါသေးတယ်ဗျာ။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာနဲ့ ခရီးသွားနိုင်ကြပါစေ။