ပခုက္ကူမြို့ရှိ သမိုင်းဝင်တန်ခိုးကြီး ဘုရားများတွင် ပြည်တွင်းဘုရားဖူးပြည်သူ များပြားလျက်ရှိ

ပခုက္ကူ ၁ ဇန်နဝါရီ 

နှစ်သစ်ကူးရုံး ပိတ်ရက်ရှည်ကာလများတွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ သမိုင်းဝင်တန်ခိုးကြီး ဘုရားများဖြစ်သည့် သီဟိုဠ်ရှင်ဘုရား၊ ရွှေကူဘုရား၊ ဖောင်တော်ဦးဘုရား၊ ရွှေမုဋ္ဌောဘုရားတို့တွင် ပြည်တွင်းဘုရားဖူးသူ များပြားလျက်ရှိကြောင်း သိရသည်။

“ယခုလို နှစ်သစ်ကူးရုံးပိတ်ရက်တွင် မိသားစု၊ ဆွေမျိုးများနှင့်အတူ အစကတော့ မြန်မာပြည် အညာပိုင်းဒေသမှာရှိတဲ့ သမိုင်းဝင် ပုဂံဘုရားများကိုပဲ လေ့လာဖူးမျှော်မယ်လို့ စိတ်ကူးခဲ့ကြတာပါ။ နောက်ပိုင်းတွင် ရုံးပိတ်ရက်လေးလည်း ကျန်သေးတယ် အခွင့်အရေးရှိတုန်း ပခုက္ကူမြို့မှာလည်း သမိုင်းဝင်တန်ခိုးကြီး ဘုရားတွေရှိတယ် သွားရောက်ဖူးမျှော်ရအောင်ဆိုပြီး လာရောက်ဖူးမျှော် ဖြစ်တာပါ။ ခုလို ကိုယ်တိုင်လာရောက် ဖူးမျှော်ရာမှာ စိတ်လှုပ်ရှားဖွယ် သမိုင်းဝင်ဘုရားပါလားလို့ စိတ်ကူးမိပါတယ်။ ပခုက္ကူမြို့ရဲ့ ဒေသန္တရ အချက်အလက်များ၊ ရာသီဥတုအခြေအနေများ သိရှိရသလို သက်ဆိုင်ရာ ဘုရားများရဲ့ ဂေါပကအဖွဲ့တွေထံက ဘုရားသမိုင်း အချက်အလက်များပါတဲ့ လက်ကမ်းစောင်လေးများ လက်ဆောင်ရရှိလို့ ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျွန်တော်တို့က နယ်ဝေးကနေ လာရောက်ဖူးမျှော်တာမို့ နောက်ထပ်လာရောက် ဖူးမျှော်ခွင့်ရဖို့ မလွယ်ပါဘူး။ တကယ်လို့ အခွင့်အရေးများရှိခဲ့ရင် နောက်တစ်ချိန် လာချင်ပါသေးတယ်”လို့ ရှမ်းပြည်နယ်မှ လာရောက်ဖူးမျှော်သည့် ရှမ်းတိုင်းရင်းသား စိုင်းခမ်းလူက ပြောသည်။

“ကျွန်မက ရန်ကုန်မြို့ကဆိုတော့ မြန်မာပြည်အောက်ပိုင်းက သမိုင်းဝင်ဘုရားများနှင့် အထင်ကရ နေရာတော်တော်များများကို အလည်အပတ် သွားရောက်ဖူးမျှော်ဖူးပါတယ်။ အခုက မြန်မာပြည်အလယ်ပိုင်းက မြို့တွေနဲ့ သမိုင်းဝင်နေရာတွေ၊ ဘုရားတွေကို ဖူးမျှော်ဖို့ စီစဉ်ကြတာပါ။ နှစ်သစ်ကူးရုံးပိတ်ရက် ဘုရားဖူးခရီးသွားဖို့ဆိုပြီး ထွက်လာကြတာ၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မုံရွာမြို့များရှိ အထင်ကရနေရာများနှင့် သမိုင်းဝင်ဘုရားများ ဖူးမျှော်လည်ပတ်ပြီးပြီ။ ပခုက္ကူမြို့က သမိုင်းဝင်ဘုရားတွေကို ဖူးမျှော်လည်ပတ်ဖို့ ရောက်လာတာပါ။ မြို့ပေါ်ဘုရားတွေ ဖူးမျှော်ပြီးလို့ အခု ရွှေမုဋ္ဌောဘုရားကိုဖူးရင်း ဧရာဝတီမြစ်ကြီးကို ကြည့်ရင်း အညာဒေသလုပ် အသုပ်စုံနှင့် အစားအစာများကို စားသောက်ပြီး အနားယူနေကြတာပါလို့” ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့၊ အထူးကုဆေးရုံ ဝန်ထမ်းမိသားစု အပန်းဖြေခရီးဖြင့် လာရောက်လည်ပတ်ဖူးမျှော်သူ မမြင့်မြတ်စိုးက ပြောပြသည်။

နှစ်သစ်ကူးရုံးပိတ်ရက်များတွင် ပခုက္ကူမြို့ပေါ်ရှိ သမိုင်းဝင်ဘုရားများကို ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးများ၊ ယောနယ်များမှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက လာရောက်လည်ပတ် ဖူးမျှော်ကြပြီး မြို့ပေါ်ရှိ ဒေသခံပြည်သူများကလည်း အစဉ်အလာမပျက် ဘုရားဖူးသူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။

ဆလိုင်းကိုကီး (ပြန်/ဆက်)

MDN