ပင်လောင်း၊ မိုးမိတ်၊ ရွာငံနှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၄ မေ 


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၃ ရက် ညနေပိုင်းက ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စု၊ ထီနဲ့ကျေးရွာနေ ဦးဆိုင်၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ကိုလည်းကောင်း။


အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ မိုးမိတ်-မန်တုံသွားကားလမ်း၊ ညောင်နီ ကျေးရွာအနီးတွင် ယောဆပ် မောင်းနှင်လာသည့် PRADO အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ငွေကျပ်သိန်း ၃,၃၆ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၈,၀၀၀၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း။


ထို့အတူ မေ ၂၂ ရက် မွန်းလွဲ ၃ နာရီခွဲက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရွာငံမြို့နယ်၊ အောင်ပန်း-ရွာငံသွားကားလမ်း၊ တပ်ကုန်းကျေးရွာအနီးတွင် VIGO အမျိုးအစား မော်တော်ယာဉ်ကို ရှာဖွေရန်ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ရွာငံမြို့နယ်၊ မြိုင်ကျေးရွာအုပ်စု၊ ညောင်ကုန်း ကျေးရွာအနီးတွင် ယာဉ်မောင်းအားမတွေ့ရှိဘဲ မော်တော်ယာဉ်အား ရပ်တန့်ထားသည်ကိုတွေ့ရှိရသဖြင့် ငွေကျပ်သိန်း ၂၇,၂၈၀ တန်ဖိုးရှိ အိုက်စ် ၁၂၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၈,၀၀၀ တို့ကိုလည်းကောင်း။


အလားတူ မေ ၂၂ ရက် ညနေ ၅ နာရီခွဲက ဝမ်ပုံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)အုပ်စု၊ ဟိုခိုကျေးရွာနေ မနန်းခမ်း၏နေအိမ်ကိုရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၆၄၀၊ ထိုင်းဘတ်ငွေ ၁,၃၀၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

 

ရဲပြန်ကြား