ပင်လောင်းမြို့နယ်နှင့် တန့်ယန်းမြို့နယ်တို့၌ ဘိန်းခင်းများ ဖျက်ဆီးမှု

နေပြည်တော် ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော  ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်မှ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်က ပင်လောင်းမြို့နယ်၊ မြေတိုင်ကျေးရွာ၏မြောက်ဘက် ၁ မိုင်ခန့်အကွာရှိ ဘိန်းစိုက်ခင်း ၇ ဧကခန့်အားလည်းကောင်း၊ မြေတိုင်းကျေးရွာ၏ အနောက်မြောက်ဘက် ၁ မိုင်ခန့်အကွာရှိ ဘိန်းစိုက်ခင်း ၁၀ ဧကခန့်အား လည်းကောင်း၊ မြေတိုင်းကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာရှိ ဘိန်းစိုက်ခင်း ၁၀ ဧကခန့်အား လည်းကောင်း၊ စုစုပေါင်း(၂၇)ဧကတို့အား အသီးသီးဖျက်ဆီးခဲ့ကြောင်းနှင့် ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှ ၁၁ နာရီ ၅၀ မိနစ်အချိန်ထိ ပင်လောင်းမြို့နယ်၊ ဉာဏ်ပင်ကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာရှိ ဘိန်းစိုက်ခင်း ၁၀ ဧကခန့်အား လည်းကောင်း၊  ဉာဏ်ပင်ကျေးရွာ၏ အနောက် မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ ဘိန်းစိုက်ခင်း ၁၀ ဧကခန့်အားလည်းကောင်း၊ စုစုပေါင်း(၂၀)ဧကခန့် တို့အားဖျက်ဆီးခဲ့ပြီး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုမှ ဘိန်းခင်းဖျက်ပူးပေါင်းအဖွဲ့များအား ယမ်ယမ်ခေါက်ဆွဲထုပ်၊ ကော်ဖီမစ်၊ Royal D အချိုရည်၊ စီးကရက်များ၊ ပူးပေါင်းဖွဲ့များဝတ်ဆင်ရန် Alpha တံဆိပ်မိုးကာ အနွေးထည်(၅၀)ထည်၊ အနွေးခေါင်းစွပ်(၅၀)ခု စသည့်ပစ္စည်း စုစုပေါင်းတန်ဖိုး (၂,၆၁၇,၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။    

အလားတူ တန့်ယန်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်မှ ညနေ ၅ နာရီအချိန်ထိ တန့်ယန်းမြို့နယ် ၊ နောင်မို (အပေါ်)ရွာ၏ မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ ဘိန်းစိုက်ခင်း ၁၁ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)