ပင်လောင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း အချက်အလက်များ မှန်ကန်စေရေး ပြင်ဆင်လျှောက်ထားလျက်ရှိ

ပင်လောင်း   ၅   ဩဂုတ်  


ရှမ်းပြည်နယ်(တောင်ပိုင်)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အသီးသီးတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာလျက်ရှိရာ အဆိုပါ မဲစာရင်းများ၌ အချက်အလက်များ မှန်ကန် ပြည့်စုံမှုရှိစေရေးအတွက် ပြည်သူများက လာရောက်ကြည့်ရှုပြီး ပြင်ဆင်ရန်ရှိသည့် အချက်အလက်များကို ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း သိရသည်။


ပင်လောင်းမြို့နယ်တွင် ပြင်ဆင်ရန်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း၊ ဩဂုတ် ၅ ရက် ညနေပိုင်းအထိ မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုလွှာ ပုံစံ (၃)ဖြင့် လျှောက်ထားသူ ၁၃၂ မဲစာရင်းနှင့် စပ်လျဉ်းသော ကန့်ကွက်လွှာ ပုံစံ (၄)ဖြင့် လျှောက်ထားသူ ၇၀၊  မဲစာရင်းနှင့်စပ်လျဉ်းသော ပြင်ဆင်လွှာ ပုံစံ (၄-ဂ)ဖြင့် လျှောက်ထားသူ ၃၀၅ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းထက်အောင် ထံမှ သိရှိရသည်။


ပင်လောင်းမြို့နယ် မဲဆန္ဒနယ်(၁)တွင် မဲဆန္ဒရှင် ၆၄၃၆၇ ဦး၊ မဲဆန္ဒနယ်(၂)တွင် မဲဆန္ဒရှင် ၆၄၃၉၁ ဦး၊ မဲဆန္ဒနယ်(၁)(၂)တွင် လျာထားမဲရုံ အရေအတွက် ၁၄၃ ရုံရှိပြီး ပထမအကြိမ် ကပ်ထားကြေညာသည့်  မဲဆန္ဒရှင် ဦးရေစုစုပေါင်း ၁၂၈၇၅၈ ဦးရှိကြောင်း သိရသည်။


မြို့နယ်ပြန်/ဆက်