ပွင့်လင်းရာသီအကြိုကာလ အိုးလုပ်ငန်းလုပ်ကိုင်သူများ စတင်သက် ဝင်လှုပ်ရှားလာ

မန္တလေး  ၂၄  နိုဝင်ဘာ

 

မကြာမီရောက်ရှိလာတော့မည့် ပွင့်လင်းရာသီ နွေဦးကာလအတွက် ဧရာဝတီမြစ်ကမ်းဘေးရှိ အိုးလုပ်ငန်းလုပ်ကိုင်သူများ စတင်သက်ဝင် လှုပ်ရှားကာ ဈေးကွက်သို့ အချိန်မီ ဖြန့်ချိရောင်းချနိုင်ရန် အိုးများစ တင်ထုတ်လုပ်နေပြီဖြစ်ကြောင်း သိရှိရသည်။

 

"အိုးဖုတ်တဲ့ ပြာသိုလရာသီ နီးလာပြီဖြစ်တဲ့အတွက် ဧရာဝတီမြစ်ဘေးက အိုးလုပ်ငန်း လုပ်ကိုင်သူတွေ အိုးတွေစတင် ထုတ်လုပ်နေကြပါပြီ။ ကျွန်တော်တို့ကလည်း သူတို့ဆီကအိုးတွေကို ဈေးကွက်ကိုတစ်ဆင့် ပြန်လည်ရောင်းချဖို့ ကြိုတင်မှာယူကြပါတယ်။ အိုးလုပ်တဲ့ရွာတွေထဲ မှာတော့ ရန္တဗိုကျေးရွာက ထုတ်လုပ်တဲ့အိုးက အကောင်းဆုံးပါပဲ" ဟု မန္တလေး ဧရာဝတီဆိပ်ကမ်းတွင် အိုးများဖြန့်ချိရောင်းချသည့် မြင်းခြံမြို့မှ ကိုဇော်ဝင်းထွန်းက ပြောသည်။

 

အဆိုပါ အိုးများအား ဧရာဝတီအရှေ့ဘက်ကမ်းနဘေးရှိ မြင်းခြံမြို့နယ် ရန္တဗိုကျေးရွာနှင့် ရွှေဘိုမြို့နယ် ကျောက်မြောင်းရွာအနီး ခက်တင်ကျေးရွာများမှ အများဆုံးထုတ်လုပ်ကြပြီး အိုးအမျိုးအစား ၁၀ မျိုးခန့်အား ဧရာဝတီမြစ်ကြောင်းမှတစ်ဆင့် မန္တလေးမြို့သို့ အဓိက တင်ပို့ရောင်းချကြသည့်အပြင် ခန္တီး၊ မော်လိုက်၊ ဟုမ္မလင်းနှင့် ပုဂံညောင်ဦးမြို့နယ်များသို့လည်း တင်ပို့ကာအိုးအမျိုးအစားပေါ်မူတည်၍ ၅၀ဝ ကျပ်မှ ၁၀ဝ၀ ကျပ်ဈေးအထိ လက်ကားဖြန့်ချိ ရောင်းချပေးနေကြောင်း သိရသည်။ အိုးများထုတ်လုပ်ရာတွင် အရည်အသွေး ကောင်းမွန်စေရန်အတွက် ကျွမ်းကျင်မှုနှင့် စေတနာပေါင်းစပ်၍ ပုံဖေါ်ထုဆစ်ထားသဖြင့် ရန္တဗို အိုးများကို လူကြိုက်များခြင်းဖြစ်ကြောင်း၊ အိုးလုပ်ငန်းလုပ်ကိုင် သည့် ရန္တဗိုရွားသားတစ်ဦးက ပြောသည်။

 

"အိုးတစ်လုံးကိုပုံဖေါ်ထုလုပ်ရင် အဓိကစေတနာပဲ၊ ဒုတိယအချက် ကတော့ ရွံစေးပေါ့၊ ရန္တဗိုရွာကရွံစေးက အိုးလုပ်ဖို့အသင့်တော်ဆုံးပါ။ ဒါအပြင်တစ်ရွာလုံးကလည်း မွေးကတည်းက ယောက်ကျား၊ မိန်းမ၊ ကလေး၊ လူကြီးမကျန် ကိုယ်ရွာရဲ့လက်မှုလုပ်ငန်းဖြစ်တဲ့ ဒီအိုးလုပ် ငန်းကိုပဲ တန်ဖိုးထားလုပ်ကိုင်နေကြတော့ ကျွမ်းကျင်နေပြီလေ။ ဒါကြောင့်အရည်းအသွေးကောင်းတဲ့ အိုးတွေကိုထုတ်လုပ်နိုင်တာပေါ့" ဟု ၎င်းကပြောသည်။မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်၊ ဧရာဝတီမြစ်အရှေ့ဘက် ကမ်းရှိ အိမ်ခြေ ၁၀ဝ ကျော်ရှိသော ရန္တဗိုကျေးရွာတွင် အိုးလုပ်ငန်း ကို မိရိုးဖလာစီးပွားရေးလုပ်ငန်းအဖြစ် မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်း၍ တစ်ရွာလုံး လုပ်ကိုင် ဆောင်ရွက်နေပြီး အဆိုပါ ဒေသမှထွက်ရှိသည့် အိုးများမှာ အရည်အသွေး ကောင်းမွန်သဖြင့် ဈေးကွက်တွင်လူကြိုက်များ ကျော်ကြားလျက်ရှိကြောင်း သိရသည်။

 

မင်းထက်အောင် (မန်းကိုယ်ပွား)