ပြင်ဉီးလွင်ကလေးစာပေပွဲတော်တွင် ပါဝင်ဆင်နွှဲသူများနှင့် တာဝန်ရှိသူများ၏ ရင်တွင်းစကားသံများ

ပြင်ဉီးလွင် ၁၃ ဇန်နဝါရီ 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ အခြေခံပညာဉီးစီးပညာဉီးစီးဌာနနှင့် ပြင်ဉီးလွင် ခရိုင်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ပြင်ဉီးလွင် ကလေးစာပေပွဲတော်ကို ဇန်နဝါရီ ၁၃ ရက်နေ့က စတင်ကျင်းပပြုလုပ်ရာ ပွဲတော်သို့လာရောက် လည်ပတ်ပါဝင်ဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်ခဲ့ကြောင်း သိရသည်။ 

ပြင်ဉီးလွင် ကလေးစာပေပွဲတော်ကို အမှတ်(၁) အထကတွင် ဇန်နဝါရီ ၁၃ ရက်မှ ၁၄ ရက်အထိ  ၂  ရက်တိုင် ကျင်းပခြင်းဖြစ်ပြီး အသိပညာပေးပြခန်းပေါင်း ၂၆ ခန်း၊ စာအုပ်အရောင်းဆိုင်ပေါင်း ၅ဝ ကျော် ခင်းကျင်းပြသခြင်း၊ ရောင်းချခြင်း၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ဂိမ်းကစားနည်းမျိုးစုံနှင့် အားကစားပြိုင်ပွဲများကို ထည့်သွင်းကျင်းပရာ လာရောက် ပါဝင်ဆင်နွှဲသူများဖြင့် ပထမနေ့ဖြစ်သည့် ဇန်နဝါရီ ၁၃ ရက်နေ့တွင်  စည်ကားသိုက်မြိုက်ခဲ့သည်။ 
ပြင်ဉီးလွင်ကလေးစာပေပွဲတော်တွင် ပါဝင်ဆင်နွှဲကြသူများနှင့် ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့သည့် တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်း၍ ၄င်းတို့၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ပါသည်။

 

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဉီးအောင်မင်း
နာယက ၊ ကလေးစာပေပွဲတော်ကျင်းပရေးကော်မတီနာယက

‌ေ

 

 ပြင်ဉီးလွင်ကလေးစာပေပွဲတော်ကြီး အခုလို စည်စည်ကားကားသိုက်သိုက်မြိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် အစည်းအဝေးတွေ အကြိမ်ကြိမ်လုပ်ခဲ့ရပါတယ်။ ကျောင်းသားကျောင်းသူတွေ၊ ကျောင်းသားမိဘတွေ၊ ဆရာဆရာမတွေ၊ မြို့မိမြို့ဖတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်ကြလို့ အခုလိုအောင်မြင်စွာ ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။ ပြင်ဉီးလွင်ကလေးစာပေပွဲတော် အခုလိုအောင်မြင်စည်ကားသိုက်မြိုက်တာကိုကြည့်ပြီး ကျွန်တော့်လိုပဲ ပါဝင်ဆောင်ရွက်သူတွေ အားလုံးပီတိဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

 

ဉီးထင်ကျော်
ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး

‌ေ

 

ပြင်ဉီးလွင်ကလေးစာပေပွဲတော် ဒီနေ့လိုအောင်မြင်စွာကျင်းပနိုင်ဖို့အတွက် ခရိုင်စီမံခန့်ခွဲမှု ကော်မတီအနေနဲ့ရော သက်ဆိုင်ရာဌာနတွေ၊ တာဝန်ရှိသူတွေ၊ မြို့မိမြို့ဖတွေ၊ စီးပွားရေးလုပ်ငန်းရှင်‌တွေအနေနဲ့ရော အားလုံးပါဝင်တဲ့ အစည်းအဝေးတွေ အကြိမ်ကြိမ်ပြုလုပ်ပြီး ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြတာပါ။ နိုင်ငံတော်ရဲ့ အနာဂတ်မျိုးဆက်သစ်ကလေးငယ်တွေ၊ နိုင်ငံတော်က အားထားရတဲ့ လူတော်လူကောင်းကလေးငယ်တွေ ပေါ်ထွက်လာစေဖို့၊ ကလေးငယ်တွေ အသိပညာဗဟုသုတတွေ ရရှိစေဖို့ စတဲ့ရည်ရွယ်ချက်ကောင်းတွေနဲ့ ကလေးစာပေပွဲတော်ကို ကျင်းပပြုလုပ်တာဖြစ်တာကြောင့် အားလုံးပူးပေါင်းဝင်ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ဒီနေ့ အောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့ ကလေးစာပေပွဲတော်ရဲ့ နမူနာ အခြေခံကောင်းတွေကိုယူပြီး ပြင်ဉီးလွင်ခရိုင်အတွင်းမှာရှိတဲ့ အခြားမြို့နယ်တွေမှာလည်း ကျင်းပနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြဉီးမှာ ဖြစ်ပါတယ်။

 

ဒေါ်တင်တင်ထွေး
ပြင်ဉီးလွင်ခရိုင်ပြန်/ဆက်ဉီးစီးမှူး

‌ေ

 

ပြင်ဉီးလွင်ကလေးစာပေပွဲတော် ကလေးစာပေပွဲတော်ရဲ့ ထူးခြားချက်ကတော့ RC လေယာဉ်ငယ်ပြခန်းကို ထည့်သွင်းပြသပြီး RC လေယာဉ်တွေကို လက်တွေ့ပျံသန်းပြသတာဖြစ်ပါတယ်။ ကလေးစာပေပွဲတော်မှာ အသိပညာပေးပြခန်းပေါင်း ၂၆ ခန်းကို စနစ်တကျခင်းကျင်းပြသထားပြီး  ပြင်ဉီးလွင်၊ မန္တလေး၊ ရန်ကုန်မြို့တွေက စာအုပ်ဆိုင်ပေါင်း ၅၀ ကျော် ဖွင့်လှစ်ပြီး ဈေးနှုန်းချိုသာစွာ ရောင်းချပေးပါတယ်။ ကလေးများအတွက် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပြိုင်ပွဲမျိုးစုံနဲ့ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများကိုလည်း စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် ကျင်းပပြုလုပ်ပေးထားပါတယ်။

 

ဒေါ်စုစုဝင်း
ကျောင်းအုပ် ၊ အမှတ်(၁)အထက

‌ေ

 

ကလေးစာပေပွဲတော်ကျင်းပတာနဲ့ ပတ်သက်ပြီး ပူးပေါင်းပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ကလေးစာပေပွဲတော် ကျင်းပပေးတဲ့အတွက် ကလေးတွေမှာ စာဖတ်ချင်စိတ်တွေဖြစ်ပေါ်လာမယ်။ စာအုပ်လေးတွေမြင်ပြီးတော့ ဝယ်ဖတ်ပြီးတော့ ဗဟုသုတတွေအများကြီးရနိုင်တယ်။ ကလေးစာပေပွဲတော်မှာ ထည့်သွင်းကျင်းပတဲ့ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ စတဲ့ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခြင်းကြောင့် ကလေးတွေမှာ ကောင်းတဲ့ဘက်မှာ ယှဉ်ပြိုင်ချင်စိတ်တွေဖြစ်ပေါ်လာပြီး သူတို့ရဲ့စိတ်ဓာတ်တွေမြှင့်တင်ပေးရာ ရောက်ပါတယ်။  

 

ဒေါ်ညိုညိုသန်း
ကလေးမိဘ၊ ကြီးကိုင်ကျေးရွာ

‌ေ

 

 ပြင်ဉီးလွင်မှာ ပထမဆုံးအကြိမ်ကျင်းပတဲ့အတွက် ကျွန်မကိုယ်တိုင်လည်း လာချင်ပါတယ်။ ကလေးစာပေပွဲတော်မှာ ထည့်သွင်းကျင်းပတဲ့ ပြပွဲတွေ၊ ပြိုင်ပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေကို  အိမ်ကကလေးတွေကို မြင်ဖူးတွေ့ဖူးစေချင်လို့ ပြသချင်တာကြောင့် အခုလိုလာရောက်တာဖြစ်ပါတယ်။  အခုလိုကျင်းပပေးတဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ နောက်နောင်လည်း အခုလိုကလေးစာပေပွဲတော်တွေ ပြင်ဉီးလွင်မှာ ဆက်လက်ကျင်းပပေးစေချင်ပါတယ်။

 

မယွန်းနဒီလင်း
တတိယတန်းကျောင်းသူ 

‌ေ

 

သမီးက ကလေးစာပေပွဲတော် ကဗျာရွတ်ပြိုင်ပွဲမှာ ဆရာကြီးမင်းသုဝဏ်ရေးသားတဲ့ သပြေညို ဆိုတဲ့ကဗျာလေးနဲ့ ပါဝင်ယှဉ်ပြိုင်ဆင်နွှဲခဲ့ပါတယ်။ ကလေးစာပေပွဲတော်မှာ သမီးတို့လို ကလေးငယ်တွေအတွက် ပျော်ပွဲရွှင်ပွဲတွေ၊ ပြိုင်ပွဲတွေနဲ့ ဗဟုသုတရစရာတွေ အများကြီး ကြုံတွေ့ရလို့ ကလေးစာပေပွဲတော်ကို နှစ်တိုင်း ကျင်းပပေးစေချင်ပါတယ်။

တွေ့ဆုံမေးမြန်း  -  ချမ်းသာ(မိတ္ထီလာ)
ဓါတ်ပုံ -  ကိုနေ(ကျောက်ပန်းတောင်း)