ပွင့်ဖြူမြို့နယ်၌ ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်

ပွင့်ဖြူ     ဇွန်     ၂၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ပွင့်ဖြူမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးလျက်ရှိသော ၃၃ ကေဗွီ ဓာတ်အား လိုင်းတစ်လျှောက် ကွင်းဆင်းသွားရောက်ပြီး ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေး ပြုပြင်ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး အတွက် ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် မင်းဘူး(စကု)မြို့နယ် ထနောင်းတောဓာတ်အားခွဲရုံနှင့် ပွင့်ဖြူမြို့နယ် ဓာတ်အားခွဲရုံကြားရှိ ဓာတ်အားပို့လွှတ်သော ၃၃ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းပြီး  ဓာတ်အားလိုင်းကြိုးများနှင့် ကြွေသီးများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ၊ ယိုင်နဲ့နေသော ဓာတ်အားလိုင်းတိုင်များ နေရာတွင် ဓာတ်အားလိုင်းအသစ် စိုက်ထူတည့်မတ်ခြင်း၊ ကြွေသီးဟောင်းများအား ကြွေသီးအသစ်များ အစားထိုး လဲလှယ်တပ်ဆင်ခြင်း၊ လျော့ကျနေသော ဓာတ်အားလိုင်းကြိုးများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဓာတ်အားလိုင်းများ ပြုပြင်ဆောင်ရွက် နေစဉ်အတွင်း ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်းမြို့များတွင် ဓာတ်အားပြတ်တောက်ထားမည်ဖြစ်ကြောင်း၊ ပြည်သူများအား စိတ်အနှောင့်အယှက် မဖြစ်စေရေး ကြိုတင်အသိပေးထားရှိကြောင်း ပွင့်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်ထံမှ သိရသည်။ 

ရဲဝင်းနိုင်(ပြန်/ဆက်)