ပွင့်ဖြူမြို့နယ်၌  ရေထိန်းရေကာတာ တည်ဆောက်မှု ၇၀ ရာခိုင်နှုန်းခန့်ပြီးစီး

ပွင့်ဖြူ      ဇူလိုင်   

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာတွင် မုန်းချောင်းကမ်းပြိုမှုအန္တရာယ် ကင်းဝေးစေရေး ရေထိန်းရေကာတာ တည်ဆောက်နေမှု ၇၀ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အရေးပေါ်ခွင့်ပြုရန်ပုံငွေ သန်း(၁၀၀)နဲ့ ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာမှာ ဒေသခံပြည်သူတွေ မုန်းချောင်းကမ်းပြိုကျမှုအန္တရာယ် ကင်းဝေးသွားစေဖို့ ကမ်းပြိုကာကွယ်ရေး ရေထိန်း ရေကာတာ တည်ဆောက်ပေးနေတာ ဖြစ်ပါတယ်။ ဆောင်ရွက်နေတဲ့ ရေထိန်းရေကာတာ လုပ်ငန်းပမာဏကတော့ အရှည်ပေ ၁၀၀ သုံးတန်းသွား(Geo Bag)ခင်း ရေကာတာ တည်ဆောက်ခြင်း၊ ကျောက်ကြီးဖြည့် ကရစ်ကွက် အလျား ၁၀၀၀ ပေ၊ အနံ ၃၀ ပေ တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်ပြီး ၇၀ ရာခိုင်နှုန်းလောက် ပြီးစီးသွားပြီ ဖြစ်ပါတယ်။  လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပါက ရွာခိုင်ကျေးရွာရှိ အိမ်ထောင်စု ၁၅၀ စုနဲ့ ကျေးရွာရှိ သာသနိက အဆောက်အအုံအတွက် မုန်းချောင်းကမ်းပြိုကျမှုအန္တရာယ်မှ ကင်းဝေးသွားစေမှာဖြစ်ပါတယ်ဟု  မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးသူရိန်ထွန်းက ပြောသည်။   

 

အဆိုပါ ရေထိန်းရေကာတာ တည်ဆောက်ခြင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အရေးပေါ်ရန်ပုံငွေကျပ် သန်း(၁၀၀)ဖြင့် တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ၍ မေ ၂၃ ရက်မှစတင်ပြီး တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

 

ရဲဝင်းနိုင် ( ညောင်ဦး )