ပွင့်ဖြူမြို့နယ်ရှိ ဒေသများအတွင်း ပန်းမုန်လာစိုက်ပျိုးရေး အောင်မြင်ဖြစ်ထွန်းနေ

နိုဝင်ဘာ   ၂၆

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ ဒေသများအတွင်း ပန်းမုန်လာစိုက်ပျိုးရေး အောင်မြင်ဖြစ်ထွန်းနေကြောင်း ဒေသခံများထံမှ သိရသည်။

 

“အရင်တုန်းက ပန်းမုန်လာကို ကျွန်တော်တို့ ဒေသဘက်မှာ မစိုက်ကြဘူး။ ရှမ်းပြည်နယ်ဘက်မှာပဲ အစိုက်များတယ်။ ရှမ်းပြည်နယ်ဘက်က သယ်လာပြီးရောင်းချတာတွေကိုပဲ ဝယ်စားခဲ့ကြရတယ်။ နောက်ပိုင်း ကျွန်တော်တို့ဒေသဘက်မှာလည်း စမ်းစိုက်ကြည့်ရင်း ဖြစ်ထွန်းတာကြောင့် စိုက်ဖြစ်တာပါ။ ရွာနီးခြောက်စပ်က ဈေးသည်တွေက ကျွန်တော်တို့ဆီ လာဝယ်တာနဲ့တင် ရောင်းလို့ကုန်ပါတယ်။ ဈေးသည်တွေကတဆင့်မှ ပွင့်ဖြူနဲ့မင်းဘူး၊ မကွေးတို့ကို ဆက်ပြီးတင်ပို့ရောင်းချကြတယ်။ တစ်ပွင့်ကို ၄၀၀/၅၀၀ ကျပ် ဈေးရပါတယ်”ဟု မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ညောင်ကုန်း ကျေးရွာမှ ပန်းမုန်လာ(ဂေါ်ဖီပန်းပွင့်) စိုက်ပျိုးသူ ကိုသန်းဌေးအောင်က ပြောသည်။

 

မကွေးတိုင်းဒေသကြီးတွင် ပန်းမုန်လာပင် စိုက်ပျိုးပါက ဇူလိုင်လမှ နိုဝင်ဘာလအတွင်း မည်သည့် လတွင်မဆို စိုက်ပျိုးနိုင်ကြောင်း သိရသည်။

 

“ကျွန်တော်တို့ဒေသက အပူပိုင်းဒေသဖြစ်တဲ့အတွက် ဒီဇင်ဘာလနဲ့ ဇန်နဝါရီလလောက်ဆို ရာသီဥတု ပူလာပြီဖြစ်လို့ မစိုက်သင့်တော့ပါဘူး။ ပန်းမုန်လာက အအေးကြိုက်တဲ့အပင် အမျိုးအစားဖြစ်လို့ပါ။ ကျွန်တော်တို့ဘက်က ထွက်တာနဲ့ ဆင်ဖြူကျွန်းဘက်က ထွက်တာနဲ့ တိုက်ဆိုင်သွားတဲ့ အချိန်ဆိုရင် တော့ ဈေးကျတတ်တယ်။ အဲ့ဒီအခါ တစ်ပွင့်ကို ၂၀၀ ကျပ်လောက်အထိ ဈေးကျသွားတတ်တယ်။ ၁၂ လပိုင်း ဘက်ရောက်မှ စိုက်တဲ့အသီးဆိုရင် ဈေးကောင်းရဖို့ နည်းတာပါ။ အခုချိန်ဆို ဈေးကောင်းရနေ တယ်။ စက်တင်ဘာလကုန်ခါနီးက စိုက်ပျိုးထားတဲ့ ပန်းမုန်လာတွေပါ။ ပန်းမုန်လာက ဈေးကောင်း ချိန်ကို ချိန်ဆစိုက်ပျိုးလို့ရတဲ့ သီးနှံပါ။ တစ်ခါတစ်ရံ ရာသီဥတုဖောက်ပြန်တတ်တာက လွဲပြီးပေါ့”ဟု ၎င်းက ဆက်လက်ပြောသည်။

 

စိုက်ပျိုးပြီး ၂ လသားဝန်းကျင်တွင် ခူးဆွတ်ရောင်းချနိုင်ပြီး ပန်းမုံလာ (ဂေါ်ဖီပန်းပွင့်) အပင်ရေ ၁၅၀၀ အတွက် မျိုးဖိုး၊ မြေဩဇာဖိုး၊ ပိုးသတ်ဆေးဖိုး၊ ပလတ်စတစ်အုပ်စိုက်ပျိုးသည့်ကုန်ကျစရိတ် စုစုပေါင်း အနေဖြင့် ငွေကျပ် ၁၅၀,၀၀၀ ဝန်းကျင် ကုန်ကျနိုင်ကြောင်း သိရသည်။

 

နန်းထက်ထက်ချစ်