ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ၂ ဒသမ ၇ ပေခန့် ရေကျော်လျက်ရှိပြီး စိုးရိမ်ဖွယ်မရှိကြောင်းသိရ

ပွင့်ဖြူ      စက်တင်ဘာ      ၁၇

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုရက်ပိုင်း နေ့စဉ်မိုးများရွာသွန်းသဖြင့် ကြီးအုံကြီးဝတမံတွင် မိုးရေပိုမိုဝင်ရောက်လျက်ရှိပြီး ယနေ့ မွန်းတည့် ၁၂ နာရီတိုင်းထွာချက်အရ တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက် တမံရေပိုလွှဲမှ ၂ ဒသမ ၇ ပေခန့် ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံမှ  သိရသည်။

 

“ယခုရက်ပိုင်း မိုးရွာသွန်းမှုတွေစိပ်နေတဲ့အတွက် ကြီးအုံကြီးဝတမံမှာ မိုးရေဝင်ရောက်မှုရှိပြီးတော့ တမံရေပိုလွှဲမှ ရေကျော်ကျမှုတွေ ရှိပါတယ်။ ယနေ့ မွန်းတည့် ၁၂ နာရီအချိန် တိုင်းထွာရာမှာ တမံရေပြည့်မှတ်ဖြစ်တဲ့ ၃၄၀ ပေ အထက် ရေပိုလွှဲကနေ ၂ ဒသမ ၇ ပေခန့် ရေကျော်ကျမှု ရှိပါတယ်။ ဒါပေမယ့် စိုးရိမ်ဖွယ်ရာ အခြေအနေတော့ မရှိသေးပါဘူး။ ကျွန်တော်တို့ ဝန်ထမ်းတွေလည်း တမံရေဝင်ရောက်အခြေအနေနဲ့ တမံရဲ့ကြံ့ခိုင်မှုတွေကို နေ့စဉ်မပြတ် စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ နောက်ပြီး ဒေသခံပြည်သူတွေကိုလည်း တမံရေဝင်ရောက်မှု အခြေအနေနဲ့ ရေပိုလွှဲကနေ ရေကျော်ကျမှုအခြေအနေတွေကို နေ့စဉ်အွန်လိုင်းကနေ ကြိုတင်အသိပေးနှိုးဆော် ထားပါတယ်” ဟု အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ (AE) ဦးစိုးတင့် က ပြောသည်။

 

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည်  မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ (နွေ ၊ မိုး ၊ ဆောင်း ) သီးနှံများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် အဓိကမှီခိုအားထားရသည့် တမံတစ်ခုဖြစ်ပြီး ယခုရက်ပိုင်း အဆက်မပြတ် မိုးများရွာသွန်းနေသဖြင့် တမံအတွင်းရေဝင်ရောက်မှုရှိသော်လည်း ဒေသခံပြည်သူများအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေမရှိကြောင်း သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)