ပင်းတယမြို့၌နေရပ်ပြန်ပြည်သူ ၅၀ ဦးအား Facility Quarantine ထားရှိစောင့်ကြည့်

ပင်းတယ   ၄   ဇူလိုင်   

ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့သို့ နိုင်ငံတော်အစိုးရ ၏အစီအစဉ်ဖြင့် ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိလာသည့် နေရပ်ပြန်ပြည်သူ ၅၀ သည် ယနေ့ နံနက် ၈ နာရီအချိန်က ရွှေစင်စကြာယာဉ်ဖြင့် မိုးကုတ်ဝိပဿနာတရားစခန်းသို့ ရောက်ရှိလာခဲ့ ရာ Facility Quarantine ထားရှိစောင့်ကြည့်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ နေရပ်ပြန်ပြည်သူများအား မြို့နယ်အုပ်ချုပ်ရေးမှူးဦးနေမျိုးဇော်နှင့် အဖွဲ့ဝင်များ မြို့နယ် ဆရာဝန်မကြီး ဒေါက်တာမို့မို့ကြည်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့ဝင်များ ပရဟိတ အဖွဲ့ဝင်များတို့က စီစစ်လက်ခံနေရာချထားပေးပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဆရာဝန် မကြီးဒေါက်တာ မို့မို့ကြည်တို့က Facility Quarantine ဝင်နေစဉ်ကာလအတွင်း ဆောင်ရန်/ရှောင်ရန် များကို မှာကြားခဲ့ကြောင်း သိရသည်။

ပင်းတယမြို့နယ်တွင် COVID-19 ရောဂါ Facility Quarantine  Centre သို့နေရပ်ပြန် ပြည်သူ စုစုပေါင်း ၄၀၀ ကျော် စောင့်ကြည့်စစ်ဆေးပေးခဲ့ပြီး ယခုအသစ်ရောက်ရှိလာသည့် နေရပ်ပြန် ပြည်သူများမှာ ရှမ်းတောင်မြို့နယ်များမှ အမျိုးသား ၂၃ ဦး ၊ အမျိုးသမီး ၂၀ နှင့် ရှမ်းမြောက်မြို့နယ် များမှ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၅၀ ဦးဖြစ်ကြောင်းလည်း သိရသည်။

ခင်မျိုးနွယ်(ပင်းတယ)