ပြင်ဦးလွင်၊ လှိုင်သာယာ(အနောက်ပိုင်း)နှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၇ စက်တင်ဘာ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၆ ရက် ညနေ ၃ နာရီခွဲတွင် ပြင်ဦးလွင်မြို့နယ်၊ လားရှိုး-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ် ၅၄ နှင့် ၅၄/၁ ကြား၊ ဝက်ဝံကျေးရွာအုပ်စု၊ ဝက်ဝံကျေးရွာအနီးတွင် ဇော်မင်းဦးမောင်းနှင်ပြီး ရဲနိုင်လိုက်ပါလာသော တွဲယာဉ်အား ရပ်တန့်ရှာဖွေရာ ကော်ပုံးများဖြင့်ထည့်ထားသည့် ဆာလာဖျူရစ် အက်စစ် ၁၁,၉၈၈ လီတာကိုလည်းကောင်း။

 

အလားတူ စက်တင်ဘာ ၁၆ ရက် မွန်းလွဲ ၃နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ BOC အဝိုင်း၊ လှိုင်သာယာ-ကော့မှူး ကားဂိတ်အနီးတွင် အောင်ကျော် (ခ)ပါကျဲ အားတွေ့ရှိရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် ပုဆိုးခါးကြားမှ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀ ကိုသိမ်းဆည်းရမိခဲ့ပြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် ၁၆ ရပ်ကွက်၊ ရမည်း သင်းလမ်း၊ အမှတ်-၁၂၇၀ ရှိ ၎င်း၏နေအိမ်ကိုရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၄,၆၀၀၊ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၄,၈၀၀၊ ဆေးခြောက် သုည ဒသမ ၀၆ ကီလိုတို့ကိုလည်းကောင်း၊ စက်တင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ စန်းလုကျေးရွာအနီး၊ တာချီလိတ်- မိုင်းဆတ်သွား ကားလမ်းတွင် အားဆာ(ခ)အားဘေ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့် ရှာဖွေရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ ဆာလာအိတ်ဖြင့်ထည့်ထားသော စိတ်ကြွရူးသွပ် ဆေးပြား ၁၀,၀၀၀၊ ဘိန်းဖြူ သုည ဒသမ ၁ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား