ပြင်ဦးလွင်၏ အထင်ကရသင်္ကေတ ရထားလုံးများ

ပြင်ဦးလွင် ၂၁ နိုဝင်ဘာ

ပြင်ဦးလွင်မြို့၏ အထင်ကရသင်္ကေတထဲတွင် ရထားလုံးများလည်း ပါဝင်နေသည်။ ကိုဗစ်-၁၉ မဖြစ်ခင်ကာလက ရထားလုံးဝန်ဆောင်မှုပေးသူများမှာ နိုင်ငံတကာ ခရီးသွားများကိုသာ အားထားနေရပြီး ပြည်တွင်းခရီးသွားများနှင့် မြို့ခံပြည်သူများ ရထားလုံးစီးမှု နည်းပါးသွားကြောင်း သိရသည်။ လက်ရှိကာလတွင် ခရီးသွားလုပ်ငန်း ရပ်ဆိုင်းနေသည့်အတွက် ရထားလုံးများ အလုပ်မဖြစ်သည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်းနှင့် ပြင်ဦးလွင်မြို့တွင် ရထားလုံး (၅၀)ကျော်သာ ကျန်ရှိပြီး အချို့မှာ ပြန်လည်ရောင်းချနေကြောင်း သိရသည်။

ပြင်ဦးလွင်မြို့သည် မန္တလေးမြို့နှင့် ၄၂ မိုင်ခန့်ဝေးသော တောင်ပေါ်မြို့ကလေးပင် ဖြစ်သည်။ မြန်မာပြည်အရပ်ရပ်မှ မေမြို့ သို့မဟုတ် ပြင်ဦးလွင်၊ တောင်လှေကားမြို့အဖြစ် တင်စားထားသည်။ နိုင်ငံတကာခရီးသွားဧည့်သည်များ အထူးစိတ်ဝင်စားကာ ပြည်တွင်းမှလည်း လာရောက်လည်ပတ်မှု များပြားသည့် မြို့ကလေးပင်ဖြစ်သည်။ ပြင်ဦးလွင်ကို မြန်မာသက္ကရာဇ် ၁၂၁၂ (ခရစ်နှစ် ၁၈၅၀)တွင် တည်ထောင်ခဲ့ပြီး အင်္ဂလိပ်ခေတ် ၁၈၉၇ တွင် ပြင်ဦးလွင် အမည်ကို မေမြို့အဖြစ် တရားဝင် ထုတ်ပြန်ကြေညာပြီး တောင်စခန်းမြို့အဖြစ် သတ်မှတ်တည်ဆောက်ခဲ့သည်။ ထင်ရှားသော နေရာများစွာရှိပြီး ပန်းမြို့တော်အဖြစ် လူသိများသည်။

ပြင်ဦးလွင်မြို့မှာ အေးမြပြီး နေထိုင်ကောင်းသော မြို့ဖြစ်သည်။ ဥရောပဆန်သော မြို့ဖြစ်ပြီး နှစ်ပေါင်းတစ်ရာကျော် အင်္ဂလိပ်ခေတ်လက်ရာ အဆောက်အအုံများ တည်ရှိသည်။ ပြင်ဦးလွင်သို့ လာရောက်လည်ပတ်သူအများစုမှာ အမျိုးသားကန်တော်ကြီးဥယျာဉ်၊ အမျိုးသားအထိမ်း အမှတ်ဥယျာဉ်၊ ပိတ်ချင်းမြောင်နန္ဒမူလိုဏ်ဂူတော်၊ ပွဲကောက်ရေတံခွန်၊ တရုတ်ငါးပါးသီလဘုံကျောင်း၊ ကန်တော်ကလေး၊ နာရီစင်သို့ အများစု သွားလာလည်ပတ် လေ့လာကြသည်။ အများစုသော ရထားလုံးမောင်းသူများမှာ ဟိုတယ်များဖြင့်ချိတ်ဆက်ကာ ဟိုတယ်အရောက် သွားရောက်တင်ဆောင်ကာ ဝန်ဆောင်မှုပေးကြရသည်။ နိုင်ငံတကာ ခရီးသွားဧည့်သည်များကို အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် အခြားထင်ရှားသော နေရာများကို ပို့ဆောင်ပေးရသည်။ လက်ရှိကာလ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလ ရထားလုံးများ အလုပ်မဖြစ်တော့သည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။           

တိမ်တမန်