ပြင်ဦးလွင်၌ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့်  ဆုချီးမြှင့်ပွဲကျင်းပ

ပြင်ဦးလွင်   ၂၃  ဖေဖော်ဝါရီ  

၂၀၂၀ ပြည့်နှစ် ပြင်ဦးလွင်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို  ယမန်နေ့ မွန်းလွဲ ၃ နာရီက ပြင်ဦးလွင်မြို့  အနီးစခန်း  ရွှေထိပ်တန်း ဖူဆယ်ဘောလုံးကွင်း၌  ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့  လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများနှင့် ဘောလုံးဝါသနာရှင် ပြည်သူများ တက်ရောက်အားပေးခဲ့သည်။

အဆိုပါ  ၂၀၂၀ ပြည့်နှစ် ပြင်ဦးလွင်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား  အမျိုးသား ဖူဆယ် ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၁ မှစတင်ပြီး  ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း ၃၁ သင်းတို့ဖြင့်  ဖေဖော်ဝါရီ ၂၂ ရက်နေ့ထိ   ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ပြိုင်ပွဲဝင်အသင်းတို့အား တာဝန်ရှိသူများမှ ဆုတံဆိပ်များ၊  ဂုဏ်ပြုငွေများ၊ ဆုဖလားများကို အသီးသီးချီးမြှင့်ခဲ့သည်။

အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပရခြင်းကြောင့် ရပ်ကွက်/ကျေးရွာအတွင်းမှာ တိမ်မြုပ်နေသော အားကစားသမား ကောင်းများကို ရှာဖွေတွေ့ရှိနိုင်သဖြင့် မိမိတို့မြို့နယ်အနေဖြင့် ဘောလုံးအားကစား အဆင့်မြှင့်တင်နိုင်မည်ကို ယုံကြည်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။  

ဇော်မျိုးထိုက်(ပြင်ဦးလွင်)