ပန်းချီဆရာမောင်လေးထွန်း၏ (၉)ကြိမ်မြောက် တစ်ကိုယ်တော်ပန်းချီပြပွဲ မန္တလေးတွင်ကျင်းပ

မန္တလေး   ၁၈   ဇန်နဝါရီ

ပန်းချီဆရာမောင်လေးထွန်း၏ (၉)ကြိမ်မြောက် တစ်ကိုယ်တော်ပန်းချီပြပွဲ (Culture is mother's care) ပန်းချီပြပွဲဖွင့်ပွဲကို ဇန်နဝါရီ ၁၈ ရက် နံနက် ၉ နာရီက မန္တလေးမြို့ ၆၂လမ်း၊ ၃၃လမ်းနှင့် ၃၄ လမ်းကြားရှိ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းတွင် ကျင်းပသည်။

ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း နာယကဦးဝင်းမြင့်မှ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ဦးဝင်းမြင့်က အမှာစကားပြောကြားပြီး ပန်းချီဆရာ မောင်လေးထွန်းမှ ပန်းချီပြပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါပန်းချီပြပွဲတွင် အခရိုက်လစ်၊ ဆီဆေး၊ ရေဆေး ပန်းချီကားပေါင်း (၃၄)ကား ပြသထားသည်ဟု သိရှိရသည်။ ပန်းချီကား၏ တန်ဖိုးမှာ ငွေကျပ်သုံးသိန်းမှ ငွေကျပ် တစ်ဆယ့်ငါးသိန်း အထိ ရှိသည်ဟု သိရှိရသည်။ ပန်းချီဆရာ မောင်လေးထွန်းသည် တစ်ကိုယ်တော်ပန်းချီပြပွဲ ယခုအကြိမ်နှင့်ဆိုလျှင် (၉)ကြိမ်မြောက်ဖြစ်ပြီး ပြည်ပနိုင်ငံ ပြင်သစ်သို့ သွားရောက်ပြသခဲ့ဖူးသည် ဟု သိရှိရသည်။

အဆိုပါပန်းချီပြပွဲသို့ ပန်းချီဆရာများ၊ ပန်းချီဝါသနာရှင်များ၊ ကျောင်းသား/သူများ၊ ဖိတ်ကြားထားသူများ၊ သတင်းမီဒီယာများ တက်ရောက်ကြသည်ဟု သိရှိရသည်။ ၎င်းပြပွဲကို ဇန်နဝါရီလ ၁၈ ရက်မှ ၂၀ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြသထားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရသည်။ 


စိုးဝင်းဗိုလ်(အရာတော်)