ပြည်မြို့ သရေခေတ္တရာပျူမြို့ဟောင်း၌ အပျော်တမ်းစက်ဘီးပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပြည်   ဇန်နဝါရီ   ၂၂

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ပြည်မြို့၌ ဇန်နဝါရီ ၃၀ ရက်တွင် ပြုလုပ်မည့် အားကစားဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး သရေခေတ္တရာပျူမြို့ဟောင်း၊ အပျော်တမ်း စက်ဘီးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက ပြည်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးတင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးနန္ဒအောင်က အပျော်တမ်းစက်ဘီးစီးပွဲတော် ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ ဖွဲ့စည်းထားရှိမှုအခြေအနေ၊ ကော်မတီအလိုက် ဆောင်ရွက်မည့်လုပ်ငန်းတာဝန်များ၊ ကြိုဆိုနေရာချထားမှုအစီအစဉ်၊ ကြော်ငြာဘုတ်နှင့် လမ်းညွှန်များ ထားရှိဆောင်ရွက်မည့်အခြေအနေ၊ တာလွှတ်ပွဲ အခမ်းအနား ပြုလုပ်မည့်နေရာနှင့် ဆောင်ရွက်မည့်အခြေအနေ၊ စက်ဘီးစီးခရီးစဉ် လမ်းကြောင်းနှင့် ခန့်မှန်းကြာမြင့်ချိန်၊ ခေတ္တနားမည့်နေရာများနှင့် ပန်းဝင်မည့်နေရာ၊ ပွဲတော်၌ အသုံးပြုမည့် ဗီနိုင်းပုံစံများနှင့် တူညီဝတ်စုံပုံစံများ၊ ဆုချီးမြှင့်ပွဲအခမ်းအနား ပြုလုပ်မည့်အစီအစဉ်နှင့် ဧည့်ခံကျွေးမွေးရေးအစီအစဉ်များ အစရှိသည့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကာ သက်ဆိုင်ရာကော်မတီအလိုက် တာဝန်ရှိသူများက ဆွေးနွေးကြပြီး တိုင်းဒေသကြီးဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အဆိုပါ စက်ဘီးစီးပွဲတော်ကို ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ ရွှေဘုံသာမုနိ စေတီတော်မြတ်ကြီးအနီး တာလွှတ်နေရာမှ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအနီး ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် သရေခေတ္တရာပျူမြို့ဟောင်းရှိ ဘောဘောကြီး ဘုရားကြီး ပန်းဝင်နေရာခရီးစဉ်အထိ ဇန်နဝါရီ ၃၀ ရက် နံနက် ၇ နာရီတွင် ကျင်းပမည် ဖြစ်ကြောင်းနှင့် ပွဲတော်တွင် မန္တလေးမြို့မှ စက်ဘီးစီး ကစားသမားများနှင့် ပဲခူးတိုင်း ဒေသကြီးမှ အပျော်တမ်းဝါသနာရှင် စက်ဘီးစီး ကစားသမား စုစုပေါင်း ၃၀၅ ဦးခန့် ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)