ပြည်မြို့၌ တောင်သူလယ်သမား သင်တန်းကျောင်းဖွင့်

ပြည် ၂၈  နိုဝင်ဘာ 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ ဇီးအုပ်နယ်မြေ ရှေ့တန်းစခန်း၌  ယနေ့နံနက်က ပြည်ခရိုင်တောင်သူလယ်သမား သင်တန်းကျောင်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။

သင်တန်းကျောင်းကို ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးဦးအောင်ဇော်နိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဝန်ကြီးဦးအောင်ဇော်နိုင်က တောင်သူလယ်သမား သင်တန်းကျောင်းဆိုင်းဘုတ်အား စက်ခလုပ်နှိတ်ဖွင့်လှစ်ပေးသည်။ 

သင်တန်းကိုတစ်လလျှင် နှစ်ကြိမ်ဖွင့်လှစ်သွားမှာဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ တစ်ပတ်ကြာမြင့်ပြီး သင်တန်းသား  ၅၆ ဦးကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ မြေယာစီမံခန့်ခွဲရေး ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးဦးမျိုးဝင်းထံမှ သိရသည်။

ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးနှင့် တာဝန်ရှိသူများက ပြည်ခရိုင် ခြောက်မြို့နယ်ရှိ တောင်သူလယ်သမားများအား အိမ်ခြံဝန်းအတွင်း စိုက်ပျိုးရန် Home Gardening Seed ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ပြီး သင်တန်းကျောင်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မင်းမင်းစိုးပြန်ဆက်