ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း၂၂၂ ကျော်ဖြင့် မြို့နယ်မီးသတ်စခန်း စတင်တည်ဆောက်

မိုးညှင်း ၂၄   ဇန်နဝါရီ

 

ကချင်ပြည်နယ်အစိုးရ၏ ၂၀၁၉- ၂၀၂၀ ခွင့်ပြုရန်ပုံငွေ ကျပ် သန်း ၂၂၂ ဒသမ ၃၅၀ ဖြင့် မြို့နယ်မီးသတ်စခန်း ဆောက်လုပ်ရန်အတွက် ပန္နက်တင်အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါ အဆောက်အအုံဆောက်လုပ်မည့် ဘီလူးကျေးရွာအနီးရှိမြို့နယ် မီးသတ်စခန်းမြေနေရာ၌ ကျင်းပရာ ခရိုင်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

 

မိုးညှင်းမြို့နယ် မီးသတ်စခန်းသည် သီးခြားမြေနေရာ အတည်တကျမရှိဘဲ ခရိုင်မီးသတ်စခန်းနှင့် တွဲလျက် မြို့အလယ်တွင် ကြပ်တည်းစွာ နေရသည့်အတွက် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ကားများ ထားရန် အခက်အခဲရှိကြောင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက  “အခုဆောက်မဲ့မြို့နယ် မီးသတ်စခန်း ပြီးသွားရင်တော့ ဒီကတပ်ဖွဲ့ဝင်တွေ၊အထူးသဖြင့် အိမ်ထောင်သည် တပ်ဖွဲ့ဝင်တွေ အဆင်ပြေသွားမယ်၊ လူပျိုလူလွတ်ကတော့ သိပ်ကိစ္စမရှိဘူး ဖြစ်သလိုနေလို့ရတယ်၊ နယ်ဝေးကလာပြီး တာဝန်ထမ်းဆောင်တဲ့ အိမ်ထောင်သည်တွေက အပြင်မှာအခန်းငှားပြီး နေရတော့ အဆင်မပြေဘူး၊ ကားထားဖို့လည်း အခက်အခဲဖြစ်တယ်ဟု  မြို့နယ်မီးသတ်မှ ဗိုလ်လေးအဆင့်ရှိသူက ပြောသည်။

 

မြို့နယ်မီးသတ်တပ်ဖွဲ့၏ ဖွဲ့စည်းပုံမှာ အင်အား ၃၇ ဦး ရှိသော်လည်း လက်ရှိ ၁၅ ဦးခန့်ထား တာဝန်ထမ်းဆောင်နေပြီး ခရိုင်ဖွဲ့စည်းပုံမှာ ဉီးရေ ၆၀ နှင့် လက်ရှိ ၂၆ ဦး တာဝန်ထမ်းဆောင်လျှက်ရှိ သည်။

 

ယခုဆောက်လုပ်မည့် မြို့နယ်မီးသတ်စခန်းကို ကြီးပွားအောင်ရွှေဟင်္သာကုမ္ပဏီလီမိတက်က တည်ဆောက်ချိန်(၅)လနှင့် အပြီးတည်ဆောင်သွားမည်ဖြစ်ပြီး (RCC ) ၂ ထပ်အဆောက်အုံဖြစ် ကြောင်း သိရသည်။

 

ကျော်ကျော်ထွေး(မိုးညှင်း)