ပြည်နယ်နှင့် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်အဖွဲ့များ နှင့် Virtual Meeting ဆွေးနွေး

နေပြည်တော် ၄ ဇူလိုင် 

 

တိုင်းဒေသကြီးနှင့် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်အဖွဲ့များနှင့် Virtual Meeting ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။ 

 

ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကြီးကြပ်အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။ 

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးလှကျော်က တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကဏ္ဍများအတွက် အထောက်အပံ့ကောင်းများအဖြစ် ထိရောက်စွာ ဆောင်ရွက်နိုင်ကြစေရန် ယခုကဲ့သို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်စေခြင်း ဖြစ်ပါကြောင်း၊ အဖွဲ့အနေဖြင့် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (ADS) နှင့် ဆက်နွယ်သည့်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စာရင်းဇယား အချက်အလက် မှန်ကန်စေရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ ဒေသဆိုင်ရာ စီမံကိန်းများရေးဆွဲခြင်း၊ ရန်ပုံငွေတွက်ချက်ခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်မှု အစီရင်ခံတင်ပြခြင်း၊ ကြီးကြပ်စိစစ်ခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်အဖွဲ့များအနေဖြင့် မြေစီမံခန့်ခွဲမှုလုပ်ငန်းများ၊ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားခြင်း လုပ်ငန်းရပ်များတွင် ဥပဒေနှင့်အညီ တိကျမှန်ကန်စွာဖြစ်စေရန် ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အပြီးဆောင်ရွက်ရမည့် Covid-19 Economic Relief Plan (CERP) တွင် ပါဝင်သည့် အစီအစဉ်များနှင့် ဒေသခံများ အလုပ်အကိုင် ဝင်ငွေရရှိရေး၊ ပြောင်းလဲသက်ရောက်လာလျက်ရှိသည့် ရာသီဥတု အခြေအနေအရ စိုက်ပျိုးရေ စနစ်တကျ စီမံခန့်ခွဲပြီး တောင်သူကိုယ်တိုင် စီမံခန့်ခွဲနိုင်မည့် ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရေး လုပ်ငန်းများကို ပူးပေါင်းတာဝန်ယူ ဆောင်ရွက်ကြ ရန် ဆွေးနွေးမှာကြားသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာကဏ္ဍများအလိုက် သတ်မှတ်ပြဋ္ဌာန်းထားသော ဥပေဒ စည်းမျဉ်း စည်းကမ်းများနှင့်အညီ နိုင်ငံတော်နှင့် ဝန်ကြီးဌာနများမှ ချမှတ်ထုတ်ပြန်ထားသော မူဝါဒ ရည်မှန်းချက်များအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်မှု စီမံကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။

 

သီးနှံ မျိုးကောင်းမျိုးသန့်နှင့် မျိုးစေ့များ၊ ရေမြေအခြေအနေနှင့် ညီညွတ်စွာ မျိုးစေ့ဘဏ်များ ထူထောင်ရေး၊ ခေတ်မီစက်မှုလယ်ယာစနစ် ကူးပြောင်းရေးနှင့် လယ်ယာမြေ အခြေခံ စက်မှုလုပ်ငန်းများဖြင့် တန်ဖိုးမြင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး၊ တောင်သူအစုအဖွဲ့များ ကျယ်ပြန့်စွာ ဖွဲ့စည်းဆောင်ရွက်ရေး၊ သဘာဝဂေဟစနစ်များနှင့် ဇီဝမျိုးကွဲများဆုံးရှုံးမှ လျော့နည်းစေရေး၊ စိုက်ပျိုးရေးဆိုင်ရာ သတင်းအချက်အလက် ဗဟိုဌာန Information Center ထူထောင်ရေး၊ ရာသီဥတုနှင့် လိုက်လျောညီထွေရှိမည့် လယ်ယာထုတ်ကုန်နှင့် မွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်မှုဆိုင်ရာများအား လေ့လာဖော်ထုတ်နိုင်ရေး၊ အလုပ်အကိုင် အရင်းအနှီး ရရှိစေရေး၊ အရည်အသွေးမြင့် ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ထွက်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းသော အဖွဲ့အစည်းတစ်ခုဖြစ်ရေး၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှု စာရင်းအချက်အလက်များ မှန်ကန်တိကျစေရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်