ပြည်နယ်ဝန်ကြီးချုပ် မိုဘိုင်းလုပ်ငန်းရှင်များအသင်း အခွန်ဆိုင်ရာရှင်းလင်းပွဲသို့ တက်ရောက်

လွိုင်ကော်  ၂၉  ဇူလိုင်


မြန်မာနိုင်ငံမိုဘိုင်းလုပ်ငန်းရှင်များအသင်း ပထမအကြိမ်အသင်းသားစုံညီပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီတွင် လွိုင်ကော်မြို့၊ Famous Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားကို အစီအစဉ်ပထမပိုင်းနှင့် ဒုတိယပိုင်းခွဲ၍ ဆောင်ရွက်ခဲ့ရာ အစီအစဉ်ပထမပိုင်းတွင် မြန်မာနိုင်ငံ မိုဘိုင်းလုပ်ငန်းရှင်များအသင်းနှင့် ကယားပြည်နယ်မိုဘိုင်း လုပ်ငန်းရှင်များအသင်းတို့သည် နိုင်ငံတော်အခွန်ရရှိရေးနှင့်ပတ်သက်၍ အခွန်ဆိုင်ရာရှင်းလင်းခြင်း ဆောင်ရွက်ခဲ့သည်။


အဆိုပါအခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြည်နယ်အတွင်းရှိ မိုဘိုင်းလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားမတိုင်ခင် ပြည်နယ်မိုဘိုင်း လုပ်ငန်းရှင်များအသင်းအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံပြီး ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံများ၊ သက်ဆိုင်ရာဌာနနှင့် ပေါင်းစပ်ချိတ်ဆက်မည့်အစီအမံများကို လာရောက်တွေ့ဆုံတင်ပြခဲ့ပြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုများကိုခံယူခဲ့ပါကြောင်း၊ မြန်မာနိုင်ငံမိုဘိုင်းလုပ်ငန်းရှင်များအသင်းအား အသိအမှတ်ပြုပါကြောင်းနှင့် နိုင်ငံတော်အခွန်များ မှန်ကန်စွာရရှိနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးနေမှုအား အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း၊ ပြည်သူများကိုယ်တိုင် လိုလိုလားလားစနစ်တကျ အခွန်ထမ်းဆောင်ချင်တဲ့စိတ်ဓာတ်များကို ဖော်ထုတ်ရာတွင် အားနည်းချက်များရှိနေဆဲဖြစ်ကြောင်း၊ အဆိုပါအားနည်းချက်များကို ပြည်နယ်မိုဘိုင်း လုပ်ငန်းရှင်များအသင်းကလာရောက်တင်ပြပြီး နိုင်ငံတော်မှရသင့်ရထိုက်တဲ့အခွန်များကိုရရှိဖို့နဲ့ အခွန်ထမ်းဆောင်မှု စနစ်ပိုမိုပီပြင်လာစေဖို့သက်ဆိုင်ရာဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အစီအမံများကို တင်ပြခဲ့ပါကြောင်း၊ အခွန်ထမ်းဆောင်တဲ့စနစ်ကိုပုဂ္ဂလိကမှ လုပ်ချင်ကိုင်ချင်တဲ့သူများကစနစ်တကျ ဆောင်ရွက်သွားမည်ဆိုတဲ့အတွက် မိမိအနေဖြင့်အင်မတန်မှဝမ်းမြောက်မိပါကြောင်း၊ ဒီလိုဆောင်ရွက်ရာမှာနှစ်ပေါင်းများစွာ၊ စနစ်ပေါင်းများစွာရဲ့ အားနည်းချက်တွေကြောင့် ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်မည်ဆိုပါက စိန်ခေါ်မှုများအနည်းအကျဉ်း တွေ့ရမှာဖြစ်ပါကြောင်း၊ ဒီစိန်ခေါ်မှုများကိုချစ်ခြင်းမေတ္တာကို အခြေခံပြီးအတူတူပူးပေါင်းဖြတ်ကျော်ရမှာ ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။


ဆက်လက်ပြီး ပြည်နယ်အစိုးရအဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း ၊ မြန်မာနိုင်ငံ မိုဘိုင်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမင်းအောင်မှ ပထမအကြိမ် အသင်းသားစုံညီပွဲအခမ်းအနားနှင့် အခွန်ဆိုင်ရာရှင်းလင်းပွဲဖြစ်ပေါ်လာမှုအားပြောကြားခြင်း၊ ပြည်နယ်ပြည်တွင်းအခွန်များဦးစီးဌာန ပြည်နယ်မှူး ဦးကျော်ဟိုးလှိုင်မှ မိုဘိုင်းဖုန်းများအပေါ်အခွန်ဆိုင်ရာ ကောက်ခံမှုအခြေအနေများနှင့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းတင်ပြခဲ့သည်။


ထို့နောက် တက်ရောက်လာသော မြန်မာနိုင်ငံမိုဘိုင်းလုပ်ငန်းရှင်များအသင်း၊ ပြည်နယ်မိုဘိုင်းလုပ်ငန်းရှင်များ အသင်းနှင့် ပြည်နယ်အတွင်းရှိမိုဘိုင်းလုပ်ငန်းရှင်များမှ သိလိုသည်များကို မေးမြန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်ပြည်တွင်းအခွန်များဦးစီးဌာန တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး မြန်မာနိုင်ငံမိုဘိုင်းလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်ကိုကိုညီမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။


ယင်းနောက် အခမ်းအနားတက်ရောက်လာသူများမှ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး အစီအစဉ် ဒုတိယပိုင်းဖြစ်သည့် ကယားပြည်နယ်မိုဘိုင်းလုပ်ငန်းရှင်များအသင်းအသင်းသားစုံညီပွဲ (ပထမအကြိမ်)ကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။


လွိုင်ကော်သား