ပြည်ပငွေလွှဲလုပ်ငန်းဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာ စည်းမျဉ်းနှင့်စပ်လျဉ်းသည့် ရှင်းလင်းပွဲကျင်းပ

နေပြည်တော် ၂ ဒီဇင်ဘာ   

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် ပြည်ပငွေလွှဲ လုပ်ငန်းဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာစည်းမျဉ်းနှင့်စပ်လျဉ်းသည့်ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

 

a

 

အခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်၊ ပြည်ထဲရေး ဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့မှ တပ်ဖွဲ့မှူးနှင့် အရာထမ်းများ၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် နိုင်ငံသံရုံးနှင့် ဂျပန်နိုင်ငံသံရုံးတို့မှ ကိုယ်စားလှယ်များနှင့် ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက် ရန် စိတ်ပါဝင်စားသူများ၊ လေ့လာသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန နှင့် ငွေကြေးမူဝါဒရေးရာနှင့် ဘဏ်လုပ်ငန်း ဥပဒေ စည်းမျဉ်းဌာန၊  အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနနှင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက် လှမ်းရေးအဖွဲ့တို့က ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာ စည်းမျဉ်းအား ရှင်းလင်းဆွေးနွေးခြင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး (Anti-money Laundering/ Counter Financing of Terrorism- AML/CFT) နှင့်စပ်လျဉ်း၍ နိုင်ငံတကာစံသတ်မှတ်ချက်များ၊ ငွေလွှဲလုပ်ငန်းလုပ်ကိုင်မည့်သူများအနေဖြင့် (AML/CFT) ဆိုင်ရာ လိုက်နာဆောင်ရွက် ရန်အချက်များနှင့် ဆက်သွယ်ဆောင်ရွက်သူအား အလေးထားစိစစ်ခြင်းဆိုင်ရာ ကိစ္စရပ် များအား ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာသူများက မေးမြန်းသည့် သိရှိလိုသည့်အချက်များကို သက်ဆိုင်ရာဌာနများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)