ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း (၁၆) ကြိမ်မြောက်နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးသို့ တက်ရောက် 

နေပြည်တော်  ၆  ဇန်နဝါရီ 

 

မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း၏ (၁၆) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ Panda Hotel ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က အဖွင့်အမှာစကားပြောကြားရာတွင် ရွှေလုပ်ငန်းရှင်အသင်း အနေဖြင့် ရွှေလုပ်ငန်းနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများအား ရေးဆွဲရန် လိုအပ်ကြောင်း၊ အသင်းအဖွဲ့များအနေဖြင့် ညီညီညွတ်ညွတ်ကြိုးပမ်း ဆောင်ရွက်ကြမှသာ ရွှေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်မြင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းသည် အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံပြီး ကဏ္ဍအသီးသီးမှ ရွှေလုပ်ငန်းလုပ်ကိုင် နေသူများ၏ လူနေမှုဘဝလုံခြုံအေးချမ်းစေရေး၊ စီးပွားရေးဖွံ့ဖြိုးတိုး တက်စေရေးကို နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက် မူဝါဒဘောင်အတွင်းမှနေ၍ အထောက်အကူပေးလျက်ရှိပြီး သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် အသင်းသူအသင်းသား များအကြား ပေါင်းကူးဆက်နွယ်၍ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော အသင်းကြီးဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့်  လုပ်ငန်းရှင်များအားလုံးကို ရွှေလက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်ထားသော အနုပညာပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများကို တရားဝင်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားဝင်လုပ်ကိုင်နိုင်ရန် စနစ်တကျ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်ပြီး အသင်းအဖွဲ့၏ လုပ်ငန်းစဉ်များ အောင်မြင်အောင် ဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းတို့ အစည်းအဝေးများပြုလုပ်ပြီး အားနည်းချက်၊ အားသာချက်များအား ဆွေးနွေးရန် လိုအပ်ကြောင်း၊ နိုင်ငံတကာမှ နည်းပညာ၊ အတတ်ပညာများ ရရှိအောင် နိုင်ငံတကာနှင့် ချိတ်ဆက် ဆောင်ရွက် ပေးနိုင်သော အသင်းဖြစ်စေရေးအတွက် အသင်းအနေဖြင့် စည်းလုံးညီညွတ်ပြီး ရွှေကဏ္ဍဖွံ့ဖြိုး တိုးတက်အောင် ပူးပေါင်းလုပ်ကိုင်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် တာဝန်ရှိသူများက နှုတ်ခွန်းဆက် စကားပြောကြားကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ဗဟန်းမြို့နယ်၊ ကန်တော်ကြီး၊ မျှော်စင်ကျွန်းတွင် ကျင်းပလျက်ရှိသော ပြည်နယ်နှင့်တိုင်းများမှ အသေးစားအလတ်စားထုတ်ကုန်ပစ္စည်းများပြသသည့် Made in Maynamr ကုန်စည်ပြပွဲသို့ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)