ပြည်သူတွေအနေနဲ့ သစ်လွင်ကောင်းမွန်တဲ့ ငွေစက္ကူတွေကိုင်တွယ်သုံးစွဲနိုင်ဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ဆောင်ရွက်ပေးလျက်ရှိ

ရှင်မင်း၊ ဓာတ်ပုံ- ထိန်နန်နော်

 

ြ့ျ့်ထ

နိုင်ငံ၏ လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံရိုက်နှိပ်ထားသည့် ငွေစက္ကူများကို ပြည်သူများက အမြတ်တနိုးကိုင်တွယ်သုံးစွဲလိုကြသည်။ ပြည်သူ့ ကိုယ်စား လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင် ဗိုလ်ချုပ် အောင်ဆန်းရုပ်ပုံဖြင့် ငွေစက္ကူရိုက်နှိပ်ထုတ်ဝေရန် အဆိုပြုဆွေးနွေး အတည်ပြုခဲ့ကြသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူတစ်ထောင်တန် ပုံစံသစ်ကို လွတ်လပ်ရေးနေ့အမှတ်တရအဖြစ် ဂုဏ်ပြုထုတ်ဝေခဲ့သည်။ ဗိုလ်ချုပ်ရုပ်ပုံပါ တစ်ထောင်တန် ငွေစက္ကူပုံစံသစ်ကို ဘဏ်များတွင် ဇန်နဝါရီ ၇ ရက်မှစ၍ ဖြန့်ဝေပေးလျက်ရှိသည်။ ထိုသို့ ဗိုလ်ချုပ် ရုပ်ပုံပါ ငွေစက္ကူထုတ်ဝေသုံးစွဲမှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေး စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

 

မေး။ ။ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ၁၀၀၀ ကျပ်တန်ငွေစက္ကူအမျိုး အစားပုံစံသစ်ကို ဘယ်လိုရည်ရွယ်ချက်နဲ့ ထုတ်ဝေတယ်ဆိုတာ အရင်ဆုံးသိပါရစေ။

ဖြေ။ ။ ပြည်သူတွေအနေနဲ့ လက်ရှိ ကိုင်တွယ်သုံးစွဲနေတဲ့ ငွေစက္ကူ တွေကို နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး၊ လေးစားချစ်ခင် တန်ဖိုးထားရတဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံနဲ့ ဂုဏ်ပြုရိုက်နှိပ်ထားတဲ့ ငွေစက္ကူတွေ နဲ့ အမြတ်တနိုး ကိုင်တွယ်သုံးစွဲလိုတဲ့ စိတ်ဆန္ဒတွေ လိုလားပြင်းပြမှုရှိနေကြပါ တယ်။
ပြည်သူ့လွှတ်တော်မှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြည်ထောင်စုအစိုးရအနေနဲ့ ရှေ့အနာဂတ် ကာလမှာ ရိုက်နှိပ်ထုတ်ဝေဖို့ ရှိလာမယ့် ငွေစက္ကူတွေပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံတွေနဲ့ ရိုက်နှိပ်ထုတ်ဝေဖို့အတွက်လည်း အဆိုပြုဆွေးနွေး အတည်ပြုခဲ့ကြပါတယ်။

ငွေစက္ကူပုံစံသစ်တွေ ထုတ်ဝေရာမှာ ငွေစက္ကူအရည်အသွေး ပိုမိုကောင်းမွန်စေဖို့၊ အတုအပ ပြုလုပ်ခြင်းကနေ ကာကွယ်နိုင် ဖို့နဲ့ လုံခြုံရေးအဆင့်အတန်း မြှင့်တင်ဖို့ လိုအပ်တဲ့ အခြေအနေတွေအရလည်း လိုအပ်သလို ပြင်ဆင်ထုတ်ဝေရပါတယ်။

ဒါကြောင့် ပြည်သူတွေရဲ့ ဆန္ဒလိုလား ချက်နဲ့ လိုအပ်ချက်တွေအရ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၆၅ နဲ့ ၆၆ ပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ပြည်သူတွေက တန်ဖိုးထားရတဲ့၊ လေးစားရတဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံနဲ့ လုံခြုံရေးအဆင့် မြှင့်တင်ထားတဲ့ တစ်ထောင်ကျပ်တန် ငွေစက္ကူပုံစံသစ်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ် ရေးနေ့မှာ ဂုဏ်ပြုထုတ်ဝေရခြင်း ဖြစ်ပါ တယ်။


မေး။ ။ ငွေစက္ကူသစ်ရဲ့ ပုံသဏ္ဌာန်နဲ့ လက္ခဏာတွေကိုလည်း ပြောပြ ပေးပါ။

ဖြေ။ ။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့မှာ ဗိုလ်ချုပ်ရုပ်ပုံပါ တစ်ထောင်တန်ငွေစက္ကူ ပုံစံသစ်ကို စတင်ထုတ်ဝေပါတယ်။ ဗိုလ်ချုပ် ရုပ်ပုံပါ တစ်ထောင်ကျပ်တန် ငွေစက္ကူပုံစံ သစ်ရဲ့ ပေါ်လွင်တဲ့အရောင်က အပြာရောင် ဖြစ်ပါတယ်။ တစ်ထောင်ကျပ်တန် ငွေစက္ကူ ပုံစံသစ်ရဲ့ မျက်နှာစာဘက်မှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမျိုးသားဝတ်စုံနဲ့ ခေါင်းပေါင်းရုပ်ပုံနဲ့ ကျောဘက်မှာ လွှတ်တော်အဆောက်အအုံပုံ ရိုက်နှိပ်ထားပါတယ်။

အရွယ်အစားအားဖြင့် အလျား ၁၅၀ မီလီမီတာနဲ့ အနံ ၇၀ မီလီမီတာရှိပါတယ်။ လုံခြုံရေးကြိုးကို တစ်ဝက်ဖုံး တစ်ဝက်ပေါ် ဒေါင်လိုက် မြှုပ်ထားပြီးတော့ Colour Shift ရောင်ပြေးနည်းပညာတွေနဲ့ ပြုလုပ်ထားတဲ့ အတွက် ငွေစက္ကူလှုပ်ရှားမှုရှုထောင့်တိုင်းမှာ ရွှေရောင်ကနေ အစိမ်းရောင်ကိုထူးခြားစွာ ရုပ်လုံးကြွ အရောင်ပြောင်းလဲမှုကို မြင်တွေ့နိုင် ပါတယ်။

အလင်းရောင်မှာ ထောင်ကြည့်မယ်ဆိုရင် ငွေစက္ကူမျက်နှာစာဘက် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံရဲ့ လက်ဝဲဘက်မှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံရေစာကို ရှင်းရှင်းလင်းလင်းတွေ့မြင် နိုင်ပါတယ်။ ငွေစက္ကူဆေးသားရိုက်နှိပ်ရာမှာ ဖောင်းကြွပုံနှိပ် နည်းစနစ်နဲ့ ရိုက်နှိပ်ထားတဲ့ အတွက် ငွေစက္ကူတန်ဖိုးအမျိုးအစားနဲ့ အမှတ် အသားတွေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် စတဲ့ နေရာတွေဟာ ပီပြင်ထင်ရှားတဲ့အပြင် လက်နဲ့ စမ်းသပ်ကြည့်မယ်ဆိုရင်လည်း ကြမ်းတမ်းမှု ရှိတာကို တွေ့ရှိရမှာဖြစ်ပါတယ်။

ငွေစက္ကူနံပါတ်ကို မြန်မာအက္ခရာ မြန်မာဂဏန်းနဲ့ အလျားလိုက်၊ အင်္ဂလိပ် အက္ခရာ အင်္ဂလိပ်ဂဏန်းနဲ့ ဒေါင်လိုက်ရိုက် နှိပ်ထားပါတယ်။
ငွေစက္ကူရဲ့ မျက်နှာစာဘက်ရှိ ဘယ်၊ ညာအစွန်းတွေမှာ အမြင်အာရုံအားနည်းသူ၊ ချို့ယွင်းသူတွေအတွက် လက်နဲ့ စမ်းသပ် ကြည့်မယ်ဆိုရင် အာရုံခံသိရှိနိုင်တဲ့ဖောင်းကြွ လိုင်းတိုမျဉ်းကြောင်းငယ် ၁၁ ကြောင်းစီ ရိုက်နှိပ်ထားပါတယ်။
ငွေစက္ကူမျက်နှာစာရဲ့ လက်ယာဘက် က မြန်မာစာသားတစ်ထောင်ကျပ် နံဘေး က ခဲရောင်ဧရိယာကို ၄၅ ဒီဂရီခန့်လောက် စောင်းကြည့်မယ်ဆိုရင် အင်္ဂလိပ်စာလုံး “CBM” ကို Latent Images စာလုံးတွေ ရောမြှုပ်ရိုက်နှိပ်ထားတာကို တွေ့မြင်နိုင်ပါ တယ်။ ငွေစက္ကူရဲ့ ကျောဘက်ခါးလယ်မှာ ရွှေရောင်ကနုတ်ကွက်ကို ဒေါင်လိုက်ရိုက်နှိပ် ထားတာကို တိမ်းစောင်းကြည့်မယ်ဆိုရင် မြင်တွေ့နိုင်ပါတယ်။

 

ု့ျာထ

မေး။ ။ ပုံစံသစ်မှာ အဆင်မြှင့်ထားတဲ့ ငွေစက္ကူလုံခြုံရေးအမှတ်အသားတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြ ပေးပါ။
ဖြေ ။ ။ မူလအဟောင်း တစ်ထောင် ကျပ်တန် ငွေစက္ကူရဲ့ လုံခြုံရေးကြိုး ငွေရောင် အမျှင်သေးနေရာမှာ ကြိုးအကြီး ရွှေရောင်ရောင်ပြေးနဲ့၊ ပြီးတော့တိမ်းစောင်းကြည့်မယ်ဆိုရင် အစိမ်းရောင် ကို ရုပ်လုံးကြွအရောင် ပြောင်းလဲနိုင်တဲ့ လုံခြုံရေးကြိုး ထည့်သွင်းထားပါတယ်။ ဒါ့အပြင် ငွေစက္ကူပေါ်မှာ Micro Print စာလုံးငယ်တွေ များစွာထည့်ထားပါတယ်။ မှန်ဘီလူး ဒါမှမဟုတ် လက်ကိုင်ဖုန်းနဲ့ အနီးကပ် ဆွဲရိုက်ကြည့်မယ်ဆိုရင် ပြတ်သား စွာတွေ့ရှိနိုင်ပါတယ်။ ငွေစက္ကူကျောဘက် မှာ တည့်တည့်ကြည့်မယ်ဆိုရင် မမြင်နိုင် ပေမယ့် နည်းနည်းတိမ်းစောင်းကြည့်ရင် ရွှေရောင် ကနုတ်ကွက်ကို ခါးလယ်မှာ ဒေါင်လိုက် ရိုက်နှိပ်ထားတာကို မြင်တွေ့ နိုင်ပါတယ်။

 

ြုထညထိျ
မေး။ ။ တစ်သောင်းတန်နဲ့ တစ်ထောင်တန်က ဆင်တူတယ်လို့လည်း ပြောကြတာ ရှိပါတယ်။ ထပ်ပြီးတော့ ဗိုလ်ချုပ်ရုပ်ပုံနဲ့ ငွေစက္ကူထပ်ထုတ်ဖို့ အစီအစဉ်ကိုလည်း သိပါရစေ။

ဖြေ။ ။ အခုသုံးစွဲနေတဲ့ တစ်သောင်းကျပ်တန်နဲ့ အရောင်က ဆင်တူတယ်။ ဒါပေမယ့် ထည့်သွင်းထားတဲ့ လုံခြုံရေးအချက် အလက်တွေနဲ့ လုံခြုံရေးကြိုးအရောင်တွေက ကွာခြားပါတယ်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ ကြေညာချက်မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံနဲ့ ငွေစက္ကူပုံစံသစ် အမျိုးမျိုးကို ထုတ်ဝေသွားဖို့ ဆောင်ရွက် လျက်ရှိတယ်ဆိုတာကို ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ ပြည်သူအားလုံး သုံးစွဲ နိုင်အောင် တစ်ထောင်ကျပ်တန်ကနေ စတင် ထုတ်ဝေခြင်း ဖြစ်ပါတယ်။ တန်ဖိုးတစ်ခုချင်း အလိုက် အစဉ်အတိုင်းဆက်လက်ပြီးတော့ ထုတ်ဝေသွားမှာဖြစ်ပါတယ်။

 

ုြိ့ထေ

မေး။ ။ ငွေစက္ကူသစ် ထုတ်ဝေတဲ့အတွက် ငွေကြေးဖောင်းပွမှု ဖြစ်မှာကို ပြည်သူတွေက စိုးရိမ်တာလည်း ရှိပါတယ်။ ဒါကြောင့် ငွေကြေးဖောင်းပွမှုဖြစ်နိုင်မလား၊ ထိန်းချုပ် ဆောင်ရွက်နိုင်မလားဆိုတာ ကိုလည်း ဖြေကြားပေးစေလိုပါတယ်။
ဖြေ။ ။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ရည်ရွယ်ချက်က ပြည်တွင်း ဈေးနှုန်းတည်ငြိမ်မှု ရရှိစေဖို့နဲ့ ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်နဲ့အညီ ငွေကြေး တည်ငြိမ်ရေးအောင်မြင်ဖို့အတွက် ငွေကြေး မူဝါဒကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရပါတယ်။ ငွေကြေးမူဝါဒထဲမှာ ငွေကြေးဖောင်းပွမှုမဖြစ်အောင် ထိန်းသိမ်း ခြင်းလည်း ပါဝင်ပါတယ်။ ဘဏ္ဍာရေးနှစ် အလိုက် ငွေကြေးလိုအပ်ချက်ကို ဘဏ်တွေမှာ ရှိနေတဲ့ လက်ကျန်အခြေအနေ၊ ဗဟိုဘဏ်မှာ ရှိနေတဲ့ လက်ကျန်အခြေအနေ၊ ဟောင်းနွမ်း ငွေစက္ကူတွေဖျက်ဆီးတဲ့ အခြေအနေ၊ CIC လို့ လည်းခေါ်တဲ့ ပြည်သူတွေအတွင်းမှာ ရောက်ရှိ လည်ပတ်နေတဲ့ ငွေကြေးအခြေအနေတွေကို အခြေခံပြီးတော့ ငွေကြေးမူဝါဒ မူဘောင် အတွင်းကနေ ငွေကြေးလိုအပ်ချက်ကို တွက်ချက်သတ်မှတ်ပါတယ်။
ဒီငွေကြေးလိုအပ်ချက် ဘောင်အတွင်းကပဲ ငွေစက္ကူအမျိုးအစားတွေကို လိုအပ်သလို ချိန်ဆပြီး ရိုက်နှိပ်ထုတ်ဝေနေတာ ဖြစ်ပါတယ်။

ဒါကြောင့် သတ်မှတ်ချက်ဘောင်အတွင်းမှာပဲချိန်ဆဆောင်ရွက်နေတဲ့အတွက် ဒီတစ်ထောင် ကျပ်တန် ငွေစက္ကူပုံစံသစ် ထုတ်ဝေမှုကြောင့် တော့ ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဘူးဆိုတာ ကို ပြည်သူတွေကိုအသိပေးလိုပါတယ်။

 

ြု့ြထျတ

မေး။ ။ အရင် ငွေစက္ကူတွေမှာ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဘဏ်ဆိုပြီး ဖော်ပြပါရှိတာရှိတယ်။ အခု မြန်မာနိုင်ငံတော်ဗဟိုဘဏ်လို့ ဖော်ပြထား တဲ့အတွက် ပြည်ထောင်စု စာသားမပါတော့တာ ဘယ်လိုအကြောင်းကြောင့် ဆိုတာကိုလဲ ပြောပြပေးပါ။

ဖြေ။ ။ ငွေစက္ကူအမျိုးအစားပုံစံသစ်တွေ ရိုက်နှိပ်ထုတ်ဝေကြရာမှာ ဥပဒေ အရ ငွေစက္ကူကိုရိုက်နှိပ်ထုတ်ဝေခွင့်ရှိတဲ့ ဌာန၊ အဖွဲ့အစည်းအမည်ကို ငွေစက္ကူပေါ်မှာ ရိုက်နှိပ်ဖော်ပြလေ့ရှိပါတယ်။
မှတ်တမ်းတွေအရ လွတ်လပ်ရေးရပြီး ချိန်ကနေ ၁၉၅၂ ခုနှစ်အထိ ဗမာနိုင်ငံ ငွေကြေး အုပ်ချုပ်မှုအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီးတော့ ငွေစက္ကူ အပေါ်မှာ “ဗမာနိုင်ငံအစိုးရ”၊ “ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ”ဆိုပြီး ရိုက်နှိပ် ခဲ့ပါတယ်။ ၁၉၅၂ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အထိ “ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်”၊ ၁၉၆၂ ခုနှစ်ကနေ ၁၉၇၂ ခုနှစ်အထိ “ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြည်သူ့ဘဏ်”၊ ၁၉၇၂ ခုနှစ်ကနေ ၁၉၉၀ ပြည့်နှစ်အထိ “ပြည်ထောင်စု မြန်မာနိုင်ငံဘဏ်”၊ ၁၉၉၀ ပြည့်နှစ်ကနေ ဒီနေ့ အထိ “မြန်မာနိုင်ငံတော်ဗဟိုဘဏ်” တို့ဟာ ငွေစက္ကူတွေကို ဥပဒေအရ ရိုက်နှိပ်ထုတ်ဝေခွင့် ရှိတဲ့ ဌာန၊ အဖွဲ့အစည်း ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ ဥပဒေအရ ရိုက်နှိပ်ထုတ်ဝေခွင့်ရှိတဲ့ ဌာန၊ အဖွဲ့အစည်းဖြစ်တဲ့အတွက် တစ်ထောင်ကျပ် တန် ငွေစက္ကူအသစ်မှာလည်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်လို့ ရိုက်နှိပ်ဖော်ပြခြင်း ဖြစ်ပါ တယ်။ ပြင်ပမှာ ပြောဆိုဖော်ပြနေကြတဲ့ ပြည်ထောင်စုဆိုတဲ့စာလုံးကို ဖြုတ်ထား တာမဟုတ်ပါဘူး။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေမှာလည်း နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ကိုဆိုသည်လို့ အဓိပ္ပာယ်ဖွင့်ထား ပါတယ်။

 

မေး။ ။ ငွေစက္ကူသစ်နဲ့ ပတ်သက်ပြီးပြည်သူတွေကို အသိပေးပြောကြား လိုတာရှိရင်လည်း ပြောကြားပေးပါ။

ဖြေ။ ။ ပြည်သူတွေအနေနဲ့ သစ်လွင်ကောင်းမွန်တဲ့ ငွေစက္ကူတွေ ကိုင်တွယ်သုံးစွဲနိုင်ဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ပြည်သူတွေကလည်း ငွေစက္ကူ တွေပျက်စီးစေမယ့် ခေါက်ခြင်း၊ ချိုးခြင်း၊ လိပ်ခြင်း၊ လုံးချေခြင်းတွေ မပြုလုပ်ဖို့၊ ဆီစွန်းညစ်ပေခြင်း၊ ညစ်ပတ်စွန်းပေခြင်းမျိုး မဖြစ်အောင် ကိုင်တွယ်ဖို့နဲ့ ငွေစက္ကူအပြန့် အတိုင်း သပ်သပ်ရပ်ရပ်ကိုင် တွယ်သုံးစွဲပေး ကြဖို့မေတ္တာရပ်ခံလိုပါတယ်။ ဟောင်းနွမ်း ညစ်ပေနေတဲ့ ငွေစက္ကူတွေကို ဗဟိုဘဏ်ကို အပ်နှံလဲလှယ်ဖို့ ဘဏ်တွေအားလုံးကို ညွှန်ကြားထားပြီးပါပြီ။ ဒါကြောင့် ပြည်သူ တွေအနေနဲ့ ဟောင်းနွမ်းညစ်ပေစုတ်ပြဲနေ တဲ့ ငွေစက္ကူတွေရှိရင်လည်း နီးစပ်တဲ့ ဘဏ်တွေမှာ အပ်နှံလဲလှယ်ပြီး သစ်လွင် ကောင်းမွန်တဲ့ငွေစက္ကူတွေကို ကိုင်တွယ် သုံးစွဲနိုင်တဲ့အကြောင်းကိုလည်း ပြောကြား လိုပါတယ်။


မေး။ ။ အခုလို ဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။