ပြည်သူတွေက တကယ်ပဲ အရေးကြီးပြီဆိုရင် သွေးစည်းကြပါတယ်

၂၅  ဇန်နဝါရီ

ကျွန်မတို့ ဒီကာကွယ်ဆေးအတွက် ရန်ပုံငွေထူထောင်လိုက်တယ်ဆိုတာလည်း ကျွန်မတို့ ပြည်သူတွေ သိမှာပါပဲ။ ထုံးစံအတိုင်းပါပဲ။ ကျွန်မတို့ပြည်သူတွေက တကယ်ပဲအရေးကြီးပြီဆိုရင် သွေးစည်းကြပါတယ်။ အားလုံးကနေပြီးတော့ ဝိုင်းဝန်းပြီးတော့ ထည့်ကြပါတယ်။ ပထမဦးဆုံးတော့ နိုင်ငံတော်ကနေပြီးတော့ ကျပ် ၁ ဘီလီယံပေါ့။ သန်းတစ်ထောင်ကို ထည့်လိုက်ပါတယ်။ မတည်လိုက်ပါတယ်။ ဒီရန်ပုံငွေကို အခု အလှူရှင်တွေက စေတနာရှင်တွေနဲ့ ဝိုင်းပြီးတော့ထည့်တာဟာ ၁၈ ဒသမ ၇၈၁ ဘီလီယံ ဖြစ်ပါတယ်။ ကျွန်မတို့ ပြည်သူတွေ ဘယ်လောက်ရက်ရောလဲဆိုတာ အဲဒါကို မြင်နိုင်ပါတယ်။ ဒါကတော့ ကျပ်ငွေနဲ့ပေါ့။ နောက်ပြီးတော့ အမေရိကန်ဒေါ်လာနဲ့ဆိုရင် ကျွန်မတို့ နိုင်ငံတော်ကနေပြီးတော့ သန်း ၂၅ဝ ပံ့ပိုးလိုက်ပါတယ်။ အဲဒီတော့ ဝိုင်းဝန်းပြီးတော့ ပြည်သူတွေက ထည့်တဲ့ဟာကလည်း ရှိပါသေးတယ်။ အဲဒီတော့ ကျွန်မတို့ အခြေအနေကကောင်းတယ်လို့ ကျွန်မပြောနိုင်ပါတယ်။ ဝိုင်းဝန်းပြီးတော့ ပြည်သူတွေကထည့်တာ ကျွန်မထင်တာကတော့ ၂ ဒသမ ၉၇ သန်း ကျော်ပါတယ်။ ဒါကတော့ အမေရိကန်ဒေါ်လာနဲ့ပေါ့။ ဒါ ကျွန်မတို့အလှူရှင်တွေ ဝိုင်းဝန်းပြီးတော့ထည့်တာပါ။ ဒီငွေတွေကို ကျွန်မတို့ ကနေပြီးတော့ ထိုက်ထိုက်တန်တန်နဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေးကာကွယ်ဖို့အတွက် ပြည်သူလူထုကို ကိုဗစ်၁၉ ကာကွယ်ရေးဆေးထိုးပေးနိုင်ဖို့အတွက် သုံးသွားမှာပါ။ ဘာမှလည်း အဖိတ်အစဉ် မဖြစ်စေရပါဘူး။ ပြည်သူ တွေအနေနဲ့လည်း ဒီလိုဝိုင်းဝန်းပြီးတော့ ကူညီမစတဲ့အတွက် ကျွန်မတို့အင်မတန်မှ ကျေးဇူးတင်တယ်လို့လည်း ပြောချင်ပါတယ်။

(Coronavirus Disease 2019 (coVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၁-၁-၂၀၂၁ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)