ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး ရန်ကုန်တက္ကသိုလ် ရာပြည့်သိပ္ပံပွဲခင်း - ၂၀၁၉ ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ၁၂ ဒီဇင်ဘာ

 

ရန်ကုန်တက္ကသိုလ် ရာပြည့်သိပ္ပံပွဲခင်း - ၂၀၁၉ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဝင့်၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်နှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းတို့က ရန်ကုန်တက္ကသိုလ် ရာပြည့်သိပ္ပံပွဲခင်း - ၂၀၁၉ ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

8

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယခုအချိန်ကာလသည် သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကြီး၏ ရာပြည့်သဘင်ကာလဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ကာလကို ရန်ကုန်တက္ကသိုလ်၏ ရာပြည့်သဘင် ကျင်းပချိန်ကာလဟု သတ်မှတ်ထားကြောင်း၊ ရန်ကုန်တက္ကသိုလ်၏ သိပ္ပံပွဲခင်းသည် ရာပြည့်အကြိုကာလများမှ ကျင်းပခဲ့ရာ ယခု ဆဋ္ဌမအကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း၊ ရန်ကုန်တက္ကသိုလ်မှကျင်းပနေသည့် သိပ္ပံပွဲခင်းတွင် ဆန်းသစ်တီထွင် သိပ္ပံပြပွဲ၊ ပြိုင်ပွဲများ၊ သုတေသနနှင့် ပညာရပ်ဆိုင်ရာ လှုပ်ရှာမှုများ၊ ကုမ္ပဏီအဖွဲ့အစည်းများ၏ နည်းပညာပြပွဲများ၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များ၏ နည်းပညာဆိုင်ရာ ပြခန်းများသည် ကျောင်းသားကျောင်းသူများနှင့် ပြည်သူများအတွက် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဗဟုသုတများကို ဖြန့်ဝေပေးနိုင်မည်ဖြစ်ပြီး ကျောင်းသား ကျောင်းသူများအတွက်လည်း လက်တွေ့သင်ယူနိုင်စွမ်း၊ သီးခြားသင်ယူနိုင်စွမ်း၊ ဒီဂျစ်တယ်စွမ်းရည်၊ အချိန်စီမံခန့်ခွဲမှု၊ ပြဿနာ‌ဖြေရှင်းနိုင်မှုတို့ကို မြှင့်တင်ပေး၍ စတုတ္ထပညာခေတ်၏ လိုအပ်ချက်များကို အထောက်အကူပြုမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက အမှာစကားပြောကြား၍ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက သိပ္ပံပြပွဲကျင်းပရခြင်းကို ရှင်းလင်းပြောကြားပြီး သိပ္ပံပွဲခင်းအတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လှည်ကြည့်ရှုကြသည်။

 

ရန်ကုန်တက္ကသိုလ်ရာပြည့် သိပ္ပံပွဲခင်း - ၂၀၁၉ ကို  ဒီဇင်ဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ကျောင်းသား၊ ကျောင်းသူများအတွက် သိပ္ပံနည်းကျ စဉ်းစားတွေးခေါ်မှုနှင့် စတုတ္ထပညာခေတ်အတွက် လိုအပ်သော အရည်အသွေးများကို ပြုစုပျိုးထောင်ပေးရန်၊ သင်ကြားမှုအထောက်အကူပြုပစ္စည်းများ၊ သုတေသနလုပ်ငန်းသုံး စက်ကိရိယာများနှင့် ပတ်သက်သော သိပ္ပံနည်းပညာများ ပြည်သူများအတွင်း အသိပညာပြန့်ပွားလာစေရန်၊ တက္ကသိုလ်များနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများ၊ လူမှုစီးပွားရေးအဖွဲ့အစည်းများအတွင်း သုတေသနနှင့် သင်ကြားသင်ယူမှုလုပ်ငန်းများ၏ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်