ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံပြီး ငြိမ်းချမ်းသည့်ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး အားလုံးပါဝင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်

 

နေပြည်တော်၊ ဇွန် - ၁၃

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒုတိယ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။

 

အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ကြပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒုတိယဥက္ကဋ္ဌနှင့်အတူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များဖြစ်ကြသည့် ခိုင်စိုးမြ နှင့် ခိုင်ပေါ်လင်း တို့ တက်ရောက်ကြသည်။

 

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အဖွဲ့သည် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ခဲ့ရာတွင် ပြည်ထောင်စုအကျိုး၊ ဒေသအကျိုးကို ဆောင်ရွက်လိုသည့် စိတ်ဆန္ဒဖြင့် လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်းကို ပထမဆုံး ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည့် အဖွဲ့ဖြစ်သည့် အခြေအနေ၊ နိုင်ငံတော်တွင် ခေတ်အဆက်ဆက်ပြောင်းလဲ ကျင့်သုံးဆောင်ရွက်ခဲ့သည့် အုပ်ချုပ်မှုပုံစံများနှင့် အားသာချက်၊ အားနည်းချက်များ၊ ပြည်သူလူထု လိုလားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ရေး တပ်မတော်မှ ကြိုးပမ်းဆောင်ရွက်ခဲ့မှု အခြေအနေ၊ ယခုငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် တိုင်းပြည်၏ ပကတိအနေအထား နှင့် ကိုက်ညီပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တောင်းဆိုချက်များ၊ အမှန်တကယ် ဖြစ်နိုင်ဖွယ်ရှိသည်များ စသည်တို့ကို အသေးစိတ်အကြေအလည် ဆွေးနွေးအဖြေရှာဆောင်ရွက်သွားမည့် အခြေအနေ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ရောက်ရှိလာခြင်းမရှိသေးသည့် NCA လက်မှတ် ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လက်မှတ်ရေးထိုးရခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် တိုင်းပြည်အကျိုး၊ ဒေသအကျိုးကို မြင်အောင်ကြည့်စေလိုပြီး လာရောက်ဆွေးနွေးလိုသည့် စိတ်ဆန္ဒရှိပါက ယခင် ဖိတ်ခေါ်ကမ်းလှမ်းချက်များအတိုင်း ထပ်မံဖိတ်ခေါ်သည့် အခြေအနေ၊ ပြည်သူ လူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ ရှိမည်ဖြစ်သော်လည်း ငြိမ်းချမ်းသည့် နည်းလမ်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ရန်လိုသည့် အခြေအနေ၊ တိုင်းပြည်အကျိုးအတွက် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး ငြိမ်းချမ်းသည့် ပြည်ထောင်စုကို တည်ဆောက် နိုင်ရေး အားလုံးပါဝင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည့် အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

ထို့နောက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ယခုကဲ့သို့ တိုင်းပြည်နှင့်ပြည်သူတို့အတွက် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ခဲ့သည်ကို ရခိုင် ပြည်လွတ်မြောက်ရေးပါတီ ALP မှ ထောက်ခံကြိုဆိုသည့် အခြေအနေ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်လက်ဆောင်ရွက်နိုင်မည့် အခြေအနေ၊  ပါတီစုံဒီမိုကရေစီ စနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးနှင့် ပတ်သက်၍ သဘောထား တူညီချက်အမြင်များကို ပြန်လည်ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြသည်။ ယင်းနောက် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍  နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ရာ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဒုတိယဥက္ကဋ္ဌမှ ဒေသထွက်လက်ဆောင်ပစ္စည်းများကို ပြန်လည်ပေးအပ်ခဲ့ပြီး  စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

 

အဆိုပါ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေးထားသည့် ကောင်စီဝင်များပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်

 

mdn