ပြည်ထောင်စုလမ်းမမှ ရွာတော်-မြက်ဆက်တောင်-မြက်ဆက်မြောက်-ဘော်နင်း ရွာသစ်လမ်း ဖောက်လုပ်နေမှု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းစစ်ဆေး

တောင်ကြီး နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည်နိုဝင်ဘာ ၂၆ ရက် နံနက် ၉ နာရီခွဲက တောင်ကြီးခရိုင်၊ ကလောမြို့နယ်ရှိ ပြည်ထောင်စုလမ်းမမှ ရွာတော်-မြက်ဆက်တောင်-မြက်ဆက်မြောက်-ဘော်နင်းရွာသစ်လမ်း ဖောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုရာ ပြည်နယ်ကျေးလက်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ထွန်းက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ လမ်းဖောက်လုပ်ဆောင်ရွက်နေမှုအား လှည့်လည် ကြည့်ရှုကြသည်။ အဆိုပါလမ်းသည် ကျောက်လမ်းအမျိုးအစားဖြစ်ကာ (၄/၄)မိုင်ရှည်ပြီး ကျေးရွာ ၁၁ ရွာ၊ အိမ်ခြေ ၉၄၈ အိမ်၊ လူဦးရေ ၈၁၁၂ ဦး အကျိုးပြုနိုင်မည်ဖြစ်သည်။ ၎င်းလမ်းသည် မိတ္ထီလာ-တောင်ကြီး ပြည်ထောင်စု (DOH)လမ်းမကြီးနှင့် ဟဲဟိုး-ဘော်နင်း (DOH)လမ်းအား ချိတ်ဆက်ထားသောလမ်းဖြစ်ကာ လက်ရှိလမ်းအကျယ် ၁၈ ပေခန့်ရှိကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောမြို့နယ် နှီးဘုရားလမ်းခွဲမှ ရွှေမင်းဖုံးကျေးရွာအုပ်စု တောင်ပဲ့ကျေးရွာလမ်း ၈/ဝ မိုင်နှင့် လမ်းကြောင်းတစ်လျှေက်ရှိ ကျေးရွာများ၏ အဝင်လမ်း ၂/၅ မိုင် ဖောက်လုပ်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုရာ နယ်စပ်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့သည်။ 
အဆိုပါ တောင်ပဲ့ကျေးရွာသွားလမ်း ဆောင်ရွက်ပြီးစီးပါက တာယောကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ရွှေမင်းဖုံးကျေးရွာ၊ တောင်ပဲ့ကျေးရွာ၊ လေးအိမ်ကုန်းကျေးရွာရှိ အိမ်ခြေ ၆၄၄ လုံးနှင့် လူဦးရေ ၃၆၄၈ ဦးကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ကလောမြို့နယ် ရွှေမင်းဖုံးရှိ ရွှေသတ္တုလုပ်ကွက်သို့ သွားရောက်ကြည့်ရှုရာ ပိုင်ရှင် ဦးမြင့်ဦးက ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသအတွက်လိုအပ်မည့် စာသင်ကျောင်းများ ၊ ဆေးရုံအဆောက်အအုံများ၊ လျှပ်စစ်မီးလင်းရေးကိစ္စရပ်များ  တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောမြို့နယ် ရွှေမင်းဖုန်း တောင်ပဲ့ရွာဦးကျောင်း ဆရာတော် ဦးကလောဒ အားဖူမျှော်ကန်တော့၍ လှူဖွယ်ပစ္စည်းနှင့် နဝကမ အလှူငွေ ကျပ် ၅ သိန်း ဆက်ကပ်လှူဒါန်းပြီး ဒေသခံ ပလောင်တိုင်းရင်းသား တိုင်းရင်းသူများနှင့် တွေ့ဆုံ၍ လမ်းကောင်းမွန်ရေး၊ လျှပ်စစ်မီးလင်းရေး၊ ကျန်းမာရေး ဆရာမများ၊ ကျောင်းဆရာမများ ရရှိရေးတို့ကို တင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို မြို့နယ် အုပ်ချုပ်ရေးမှူးများအား ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)