ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် ကိုဗစ်-၁၉ ကုသရေးဌာန၊ ရန်ကုန်(ဖောင်ကြီး) ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်နေမှုများ

၂၄ ဧပြီ

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ကိုဗစ်-၁၉ ကုသရေးဌာန (COVID-19 Medical Center) ထားရှိရန်အတွက် လမ်းများ ပြုပြင်ခြင်း၊ လမ်းသစ် ဖောက်လုပ်ခြင်း၊ အဆောက်အအုံများပြုပြင်ခြင်း၊ အထူးကြပ်မတ်ကုသဆောင်(ICU) ၊ လူဦးရေ ၂၄၀ အထိ အောက်ဆီဂျင်ပေးနိုင်သော အထူးကုသဆောင်၊ လူဦးရေ ၂၄၀ ဆံ့ သာမန် ကိုဗစ်-၁၉ လူနာဆောင်၊ ဆရာဝန်၊ သူနာပြုနှင့် ကျွမ်းကျင်ဝန်ထမ်းများနေထိုင်ရန် အဆောက်အအုံ၊ ဆေးနှင့်ဆေးပစ္စည်းများ သိုလှောင်ရာဌာန၊ လူနာများအသုံးပြုရန် အောက်ဆီဂျင်ရရှိရေး၊ ဆေးရုံသုံးအမှိုက် စွန့်ပစ်မှုနှင့် အရေးပေါ်မီးရှို့စက်တို့ကို ဧပြီလဆန်းမှစတင်ကာ ဆောင်ရွက်လျက်ရှိသည်။ ယခုအခါတွင် ကိုဗစ်-၁၉ လူနာ ၅၀၀ ထားရှိနိုင်သည့် အဆင့်အထိ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ ဆောင်ရွက်နေမှုများသည် ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်သည်။
ထို့ကြောင့် ကိုဗစ်-၁၉ ကုသရေးဌာန၊ ရန်ကုန်(ဖောင်ကြီး) ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကို သိရှိစေရန် တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည် များကို ဖော်ပြအပ်ပါသည် -

 

ပ့‌ေ့

 

ဦးသန်းတိုးအောင် (အင်ဂျင်နီယာချုပ်)
ဆောက်လုပ်ရေးဝန်ကြီးဌာန၊
လမ်းဦးစီးဌာန (မြို့ပြ)

ဧပြီ ၁ ရက်နေ့မှာ ကိုဗစ်-၁၉ ကုသရေး ဌာန(ဖောင်ကြီး) ကို လုပ်မယ်ဆိုပြီး ကော်မတီ ဖွဲ့ပါတယ်။ လုပ်ငန်းကြီးကြပ်မှုကော်မတီကို ဧပြီ ၇ ရက်မှာ ဖွဲ့ပါတယ်။ ကိုဗစ်-၁၉ ကုသ ရေးဌာနမှာ ကျွန်တော်တို့ လမ်းဦးစီးဌာနနဲ့ ၊ အဆောက်အဦ ဦးစီးဌာန နှစ်ဖွဲ့စီပေါင်းပြီး ကျွန်တော်တို့ ဆောင်ရွက်ပါတယ်။ နောက် ရေသန့်နှင့်လျှပ်စစ်ဌာနကလည်း ပူးပေါင်းပါဝင် ကူညီပေးပါတယ်။


အတူတကွ ပူးပေါင်းဆောင်ရွက်
ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) အထူးကြပ်မတ်ကုသဆောင်(ICU) ကို လာမယ် ဆိုရင် အတိုဆုံးဖြစ်တဲ့ လမ်းသစ်တစ်လမ်းကို ဖောက်လုပ်ထားပါတယ်။ အဲဒီလမ်းက ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင် (၂၀/၇) မှာ ဂ ငယ် ကွေ့လုပ်ပါတယ်။ အဲဒီကနေ ဝင်လာရင် ဖောင်ကြီးဆေးရုံကို ခုနစ် မိနစ်၊ ရှစ်မိနစ်သာ ကြာမယ့်လမ်းသစ်ပါ။ မီတာ ၆၆၀ ရှိပါတယ်။ ရာသီမရွေးသွားလာနိုင်အောင် ကျောက်ရော မြေအမာခံ ၁၈ ပေ အကျယ် ကိုးလက်မထု ခင်းပါတယ်။ ဧပြီ ၁ ရက်နေ့က စတင်ဆောင် ရွက်ခဲ့တာ ဧပြီ ၁၅ ရက်နေ့မှာ အဆုံးသတ်ပါ တယ်။ နောက် အမြန်လမ်းကနေ ရန်ကုန် ဘက်ကို ပြန်တဲ့လမ်း၊ နေပြည်တော်ဘက်ကို ထွက်တဲ့လမ်း အဲဒီလမ်း နှစ်လမ်းကို ကွန်ကရစ် ခင်းပေးပါတယ်။ စုစုပေါင်း အရှည်ပေ ၂၅၅၀ ရှိပါတယ်။ ၁၂ ပေအကျယ်၊ ရှစ် လက်မထု ကွန်ကရစ်လမ်းပါ။ ဒါဟာ ကိုဗစ်-၁၉ ကုသရေး ဌာန (ဖောင်ကြီး) ကိုသွားမယ့် ကားတွေ ICU ကို အမြန်ဆုံးရောက်အောင် ရည်ရွယ်ပြီး ဖောက်လုပ်တာပါ။ ဒီလမ်းသည် လူနာဆောင် တွေကိုလည်း အမြန်ဆုံးရောက်ရှိမယ့် လမ်း ဖြစ်ပါတယ်။ လမ်းတစ်လျှောက်မှာ လမ်းညွှန် ဆိုင်းဘုတ်တွေ တပ်ပေးထားလို့ လမ်းမှားစရာ မရှိပါဘူး။


နောက်တစ်ခု ဖောင်ကြီးဝင်းထဲမှာ ကျန်းမာ ရေး ဝန်ထမ်းတွေနေဖို့ Modular House လေးလုံး ဆောက်ပေးပါတယ်။ Modular House တစ်လုံးမှာ အခန်းငါးခန်းပါတယ်။ အခန်းပေါင်း ၂၀ ပေါ့။ ဒီစီမံကိန်းကို ဧပြီ ၈ ရက် နေ့မှာ စတင်ပါတယ်။ ဧပြီ ၂၄ ရက်နေ့ဆို အားလုံးပြီးပါမယ်။ အဲဒါတွေအပြင် ၃၆ ပေ x ၁၈ ပေ Lab တစ်ခု လုပ်ပေးထားပါတယ်။ အဲဒါတွေက ICU တစ်၊ နှစ်၊ သုံး၊ လေး လို ကိုဗစ်-၁၉ လူနာတွေအတွက်မဟုတ်ပါဘူး။ ကိုဗစ်-၁၉ အတွက်မဟုတ်ဘဲ အခြားသော ရောဂါလက္ခဏာတွေကို စမ်းသပ်နိုင်အောင်ပါ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့တို့ အတူတကွ ပူးပေါင်းဆောင် ရွက်မှုမှာ ကျွန်တော်တို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနကလည်း တတ်နိုင်တဲ့ဘက်ကနေ တစ်တပ်တစ်အားဝိုင်းကူတယ်။ ကုသရေးပိုင်း ဖြစ်တဲ့ ဆရာဝန်၊ ဆေးဝန်ထမ်းဆိုရင်လည်း ကျန်းမာရေး ဝန်ကြီးဌာနတင်မဟုတ်ဘဲ တပ်မတော်ကရော ပုဂ္ဂလိကဆေးခန်းတွေကပါ ကူညီကြတယ်။ အားလုံး ညီညီညွတ်ညွတ် လုပ်နေတာ မြင်ရတဲ့အတွက် အင်မတန်မှ ဝမ်းသာ ပါတယ်။ Positive လူနာတွေ ထပ်တွေ့လာရင်၊ ထပ်တိုးလာခဲ့ရင် ဖောင်ကြီးက လက်ခံလို့ရတဲ့ အနေအထားရောက်နေပါပြီ။

 

ကျော်သူ


ဦးကျော်သူ (အထွေထွေမန်နေဂျာ)
ဓာတ်အားဖြန့်ဖြူးရေးဌာန၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးကော်ပိုရေးရှင်း (YESC)
တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ ညွှန်ကြား ချက်နဲ့ ကိုဗစ်-၁၉ ကုသရေးဌာန(ဖောင်ကြီး) တည်ဆောက်မယ်ဆိုတာ မတ်လကုန်လောက် မှ ကျွန်တော်တို့ စတင်သိရှိရတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနရဲ့ လမ်းညွှန်မှု၊ YESC ဥက္ကဋ္ဌရဲ့ အနီးကပ်လမ်းညွှန်မှုနဲ့ သင်္ကြန်မတိုင်ခင် ကတည်းက ဖောင်ကြီးရဲ့ လျှပ်စစ်ဓာတ်အား ပေးမှုအခြေအနေကို လေ့လာခဲ့ကြပါတယ်။ ထပ်မံတိုးချဲ့သင့်တဲ့ ထရန်စဖော်မာ ၂၀၀ ကေဗွီ အေ ခြောက်လုံးနဲ့ ၅၀၀ ကေဗွီအေ တစ်လုံးကို သင်္ကြန်မတိုင်ခင်မှာ တိုးချဲ့တည်ဆောက် နိုင်ခဲ့ပါတယ်။ ၁၁ ကေဗွီလိုင်းဆို လေးမိုင်ခွဲ လောက်ရှိပါတယ်။ လက်ရှိ တည်ဆောက်ထား တဲ့ ၁၁ ကေဗွီလိုင်းတွေက ထိမှုခိုက်မှုများနိုင် တာကြောင့် အခုနောက်ပိုင်း တည်ဆောက်နေ တဲ့ ကာဗာပါတဲ့ insulation ပါတဲ့ ကြိုးတွေနဲ့ တည်ဆောက်တယ်။ ၄၀၀ ဗို့ဓာတ်အားလိုင်း တွေဆိုလည်း အကုန်လုံး ကာဗာပါတဲ့ ကြိုးတွေနဲ့ တည်ဆောက်ခဲ့ပါတယ်။ ICU (အထူးကြပ်မတ် ဆောင်) ကျတော့ အလွန်အရေးကြီးတာဖြစ်တဲ့ အတွက်ကြောင့် ပါဝါပေးတဲ့နေရာမှာ သီးသန့် OLTC (On Load Tap Changer ) လို့ခေါ်တဲ့ ဗို့အားကို တည်ငြိမ်စွာပေးနိုင်တဲ့ ထရန်စဖော် မာကို တပ်ဆင်ပေးခဲ့ပါတယ်။ ဒါ့အပြင် ဒီနေရာ မှာ မီးပျက်ခဲ့ရင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၅၀၀ ကေဗွီအေ မီးစက်ကြီး (Generator) နှစ်လုံး ၊ ၂၅၀ ကေဗွီအေ Generator တစ်လုံး၊ ၁၅၀ ကေဗွီအေ Generator တစ်လုံး စုစုပေါင်း လေးလုံး ချထားပြီး ဆောင်ရွက်လျက်ရှိပါတယ်။


ထပ်မံဖြည့်တင်း ဆောင်ရွက်ထား
ကိုဗစ်-၁၉ ကုသရေးစင်တာကြီး ဆောင် ရွက်နေတဲ့အချိန်မှာ ကျွန်တော်တို့က ဒီစင်တာ ကြီးတစ်လျှောက်လုံး လည်ပတ်ဖို့ အင်အားတွေ ထပ်မံဖြည့်သွင်းရပါတယ်။ ဖောင်ကြီးမှာ လက်ထောက်အင်ဂျင်နီယာ လောက်ပဲရှိတာမို့ လှည်းကူး၊ မှော်ဘီနဲ့ အင်းစိန်က အင်အားတွေပါ ထပ်မံဖြည့်တင်း ဆောင်ရွက်ထားပါတယ်။ မီးစက်မှာဆိုရင်လည်း မီးစက်ကျွမ်းကျင် ပညာရှင်တွေ ဆက်လက်ထားရှိပေးသွားပါမယ်။ အခုလို အချိန်တိုလေးအတွင်းမှာ ရန်ကုန်တိုင်း တစ်တိုင်းလုံးမှာရှိတဲ့အင်အားတွေ စုပေါင်း တည်ဆောက်ပေးနိုင်တဲ့အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကိုယ်စား ကျွန်တော်တို့ YESC အနေနဲ့ ဂုဏ်ယူမိပါတယ်။

 

ရပစ


ဒေါ်ရူပါစိုး (အထွေထွေမန်နေဂျာ)
Global Technology Group , 5BB

ကျွန်မတို့ ကိုဗစ်-၁၉ Medical Center ကြီးမှာ 5BB ဝိုင်ဖိုင် နက်ဝက်ခ်တွေကို မြန်နှုန်း မြင့်အနေနဲ့ တစ်ပတ်အတွင်းမှာ ပြီးစီးအောင် ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်မတို့ Global Technology Group အနေနဲ့ ကိုဗစ်-၁၉ ကုသ ရေးဌာန ဆောင်ရွက်မယ်လို့ ကြားသိရ ကတည်းက ကျွန်မတို့အနေနဲ့ PPE ဝတ်စုံတွေ၊ ကာကွယ်ရေးနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို လှူဒါန်းခဲ့ပါတယ်။ နောက်ကျွန်မတို့ ကိုဗစ်-၁၉ ကုသရေးဌာန(ဖောင်ကြီး) မှာ ဧပြီ ၇ ရက်နေ့ ကတည်းက ဆာဗေးဆင်းပြီးတော့ ဧပြီ ၉ ရက် နေ့မှာ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပါတယ်။ 5BB ဝိုင်ဖိုင်နက်ဝက်ခ်တွေကို တစ်ပတ်အတွင်း မှာပဲ ရာနှုန်းပြည့် မြန်နှုန်းမြှင့် ပြီးစီးခဲ့ပြီး ဧပြီ ၁၆ ရက်နေ့မှာ လုပ်ငန်းအပ်နှံခဲ့ပါတယ်။ ကျွန်မ တို့က ICU အခန်းတွေနဲ့ လူနာတွေထားရှိမယ့် အခန်းတွေကို အဓိက ဦးစားပေးဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ဒီလိုအချိန်ကာလမှာ Stay at Home တွေ ၊ Work from Home တွေ ရှိနေတာ ကြောင့် Mobile Traffic တွေဖြစ်တယ်။ ဒီမှာဆို Video Conferencing တွေ၊ ရီမုကွန်ထရိုးတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေနဲ့ X-Ray တွေမှာ လည်း သုံးနိုင်အောင် အမြန်ဆုံးဆောင်ရွက်ပေး ခဲ့ပါတယ်။ တပ်ဆင်ပေးရတဲ့ရည်ရွယ်ချက် ကတော့ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တွေဆို Video Conferencing တွေ လုပ်ရမယ်။ နောက် ဒီထဲမှာရှိနေတဲ့ကျန်းမာရေး ဝန်ထမ်းတွေ၊ အခြားဝန်ထမ်းတွေ၊ လူမှုအဖွဲ့ အစည်းတွေ၊ လူနာတွေဆက်သွယ်မှု အမြန်ဆုံး အဆင်ပြေနိုင်အောင်ပါ။ Video Conferencing တွေဟာ နိုင်ငံခြားက ဆရာဝန်တွေ၊ နည်းပညာ ရှင်တွေနဲ့ လုပ်ငန်းလုပ်တဲ့အခါ အများကြီးကို လိုအပ်ပါတယ်။ အဲဒီအတွက် လျင်မြန်စွာ အသုံးပြုနိုင်အောင် လာရောက်တပ်ဆင်လှူဒါန်း ခြင်း ဖြစ်ပါတယ်။


ပံ့ပိုးကူညီ
ကိုဗစ်-၁၉ ကုသရေးဌာန(ဖောင်ကြီး) မှာ ကျွန်မတို့ တစ်ဦးတစ်ယောက်တည်းတင် မဟုတ်ဘူး။ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးစီး ပြီးတော့ အစိုးရဌာနတွေရဲ့ အင်အား၊ ကုမ္ပဏီ တွေရဲ့အင်အား၊ ပရဟိတ စီးပွားရေးလုပ်ငန်းရှင် တွေရဲ့ အင်အားတွေ ၊ တပ်မတော်ဆေးအဖွဲ့၊ လူမှုအဖွဲ့အစည်းတွေရဲ့အားတွေလည်း ပါပါ တယ်။ စီးပွားရေးလုပ်ငန်းရှင်တွေက ငွေကြေး အင်အားစိုက်ထုတ်ပြီး ပါဝင်ကူညီတယ်ဆိုပေ မယ့် ဒီထဲမှာရှိနေတဲ့ ဝန်ထမ်းတစ်ယောက်ချင်း စီရဲ့အင်အား၊ အလုပ်သမားတစ်ယောက်ချင်းစီရဲ့ အင်အားကိုလည်း ကျေးဇူးတင်ရမှာပါ။ သူတို့ရဲ့ ကျန်းမာရေး၊ သူတို့ရဲ့မိသားစုတွေကို ပစ်ထားပြီး ပါဝင်ပံ့ပိုးကူညီလို့သာ အချိန်တိုအတွင်း ပြီးစီး တာပါ။

 

မက


ဒေါက်တာအောင်မြင့်မော်
ဒုတိယဌာနမှူး(ညွှန်ကြားရေးမှူး)
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီ

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနဲ့ ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး)မှာ လူနာတွေက အသုံးပြုပြီး နောက်ဆုံးထွက်လာမယ့် အမှိုက်တွေ၊ waste တွေကို မီးရှို့မယ့် မီးရှို့စက်နဲ့ အရေးပေါ် မရှိ မဖြစ်လိုအပ်လာရင် အသုံးပြုနိုင်ဖို့ မီးသင်္ဂြိုဟ် စက် တည်ဆောက်နေတာဖြစ်ပါတယ်။ လက်ရှိ နေရာနဲ့ သုံးမိုင်လောက်ဝေးတဲ့ ချိုင့်ထဲမှာ လုပ်ထားပါတယ်။ အဆောက်အအုံကတော့ (၅၅ x ၆၀)ပေကို လေဝင် လေထွက် ကောင်းအောင်လုပ်ထားပါတယ်။ အမှိုက်မီးရှို့ တဲ့ဖိုကို ကျွန်တော်တို့ နှစ်မျိုးခွဲထားပါတယ်။ တစ်နာရီမှာ အမှိုက်တန်ချိန် ၀ ဒသမ၂၅ တန်ချိန် ရှို့နိုင်အောင်ထားတယ်။ မီးအပူချိန်ကတော့ ၄၀၀ ဒီဂရီ စင်တီဂရိတ်နဲ့ ၆၀၀ ဒီဂရီ စင်တီ ဂရိတ်ကြားမှာ ရအောင်လုပ်ထားတယ်။အမှိုက် မီးရှို့ဖိုက အလျား ၁၄ ပေ၊ အနံ ၁၆ ပေ ၊ အမြင့် ၁၁ ပေဖြစ်တယ်။ မီးရှို့ဖို နှစ်မျိုးခွဲထားတာက တစ်မျိုးက ရိုးရိုးထွက်တဲ့ အမှိုက်တွေရှို့ဖို့ ခွဲထားတယ်။ ဒုတိယတစ်မျိုးက လူနဲ့မထိ အောင် Chemical တွေပါလာမယ်၊ ကူးစက် တွေပါလာမယ်။ ဒါမျိုးအရာတွေကို လက်နဲ့ မထိဘဲ တိုက်ရိုက်တင်တဲ့စနစ်နဲ့ သီးခြားရှို့နိုင် အောင် နှစ်ပေါက်နှစ်ဖိုခွဲထားပါတယ်။ နောက် တစ်ခုက သုံးပေါက်တွဲ မီးသင်္ဂြိုဟ်စက်ပါ။ ရုတ်တရက်တိမ်းပါးသွားရင် Service ပေးနိုင် အောင်ထားထားတဲ့ သဘောပါ။ သူကတော့ အလျား ၂၄ ပေ၊ အရှေ့အနောက် ၁၆ ပေ၊ အမြင့် က ၁၂ ပေပါ။ သူ့မှာလည်း ထူးခြားတဲ့စနစ်ပါ ပါတယ်။


လေသန့်စင်စနစ် ထည့်ထား
အမှိုက်မီးရှို့တဲ့စနစ်မှာ ထူးခြားတာက မီးရှို့ပြီးရင် ပြာတွေထွက်လာမယ်။ အဲဒီပြာ တွေကို လေထဲမှာတင် အနည်ထိုင်ဖို့ ကန်တစ် ကန်ထည့်ထားတယ်။ နောက် တရုတ်ကိုအပ်ပြီး သူကပေးတဲ့ ဒီဇိုင်းနဲ့ လေသန့်စင်စနစ်ကို ထည့်ထားတယ်။ သူ့စနစ်က မီးခိုးဝင်လာရင် ပထမတစ်ကြိမ် မီးသွေးကို ဖြတ်မယ်။ ဒုတိယ တစ်ကြိမ်လည်း မီးသွေးထဲ ထပ်ဖြတ်မယ်။ ပြီးရင် ရေထဲကို ဖြတ်မယ်။ ရေထဲဖြတ်ပြီး ဆိုဒီ ယမ်ဟိုက်ဒြောဆိုက်ကို ဖြတ်မယ်။ အဲဒီလို ဖြတ်ပြီးမှ အပြင်ကို လေထွက်သွားမယ်ဆိုရင် အဲဒီလေက အမှုန်အမွှားမပါ၊ အနံ့မပါတော့ ဘူး။ မီးခိုးရောင်သည်လည်း အမည်းရောင် မထွက်တော့ဘဲ အဖြူရောင်ပဲ ထွက်ပါလိမ့်မယ်။ အမှိုက်ရှို့မီးခိုးခေါင်းတိုင်ရဲ့ အမြင့်ကိုလည်း ပေ ၃၀ အထိ ယူထားပါတယ်။


ဥပမာ-မီးဖိုတစ်ဖိုဆောက်ရင် ခြောက်လ လောက်ကြာပါတယ်။ အဆောက်အအုံဆို နှစ်လလောက်ကြာပါတယ်။ နေ့ရော၊ ညရော၊ မနက်ပိုင်းရော သုံးဂျူတီ ခွဲပြီးတော့မှ ရှစ်နာရီ သုံးဆိုင်းနဲ့ လုပ်တာ ဧပြီ ၂၁ ရက်မှာပဲ ပြီးသွား ပါပြီ။ မနက်ဖြန်၊ သန်ဘက်ခါဆို အမှိုက်ကို မီးရှို့လို့ရတဲ့ အနေအထားဖြစ်ပါပြီ။

 

အဝ


ဦးအောင်ဝင်း (စည်းကမ်းထိန်းသိမ်းဌာန-တာဝန်ခံ)၊ ရန်ကုန်တိုင်းဒေသကြီး
ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)

ကိုဗစ်-၁၉ ကုသရေးဌာန ဖောင်ကြီးဆေးရုံ အတွက် ကုန်စည်တင်ယာဉ်အစီး ၆၀ စီစဉ် ဆောင်ရွက်ပေးပါတယ်။ ဒီနေ့ချိန်ထိ သယ်ယူ ပို့ဆောင်ရေးနဲ့ပတ်သက်ပြီး ယာဉ်အစီးရေ ၇၀၀ ခန့်ကို စီမံဆောင်ရွက်လျက်ရှိပါတယ်။ အလားတူ ကိုဗစ်-၁၉ ကုသရေးဌာနမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်သား ၆၆၇ ဦးအတွက် မနက်၊နေ့လယ်၊ ညစာတွေကို စီစဉ်ဆောင်ရွက် ပေးနေပါတယ်။ နောက်ဖောင်ကြီးမှာပဲ YRTA အနေနဲ့ ၁၀ ယောက်ပါတဲ့ အဖွဲ့ငယ်ကို တွဲဖက် ထားရှိပြီး ယာဉ်ရှစ်စီးနဲ့အတူ ကျန်းမာရေး ဝန်ထမ်းများနဲ့ အုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ ဆေးရုံစတင် ဖွင့်လှစ်ပြီးရင်လည်း လူနာများနဲ့ပတ်သက်ပြီး ကြိုပို့လုပ်ငန်းတွေ၊ ကျန်းမာရေးဝန်ထမ်းများနဲ့ ပတ်သက်ပြီး အုပ်ချုပ်မှုပိုင်းအနေနဲ့ လိုအပ်တဲ့ ယာဉ်များကို ဆက်လက်ဆောင်ရွက်ပေးသွား မှာ ဖြစ်ပါတယ်။


စီစဉ်ဆောင်ရွက်
ကျန်းမာရေးဝန်ထမ်းများ အထောက် အကူပြုရေးအဖွဲ့မှာ တာဝန်ယူပေးနေပါတယ်။ ကိုဗစ်-၁၉ ကုသရေးဌာန စတင်တည်ဆောက် ကတည်းက တာဝန်ယူခဲ့ပါတယ်။ ကျန်းမာရေး ဝန်ထမ်းများရဲ့နေထိုင်ရေး၊ စားသောက်ရေး၊ သယ်ယူပို့ဆောင်ရေးတာဝန်ကို ထမ်းဆောင် ပေးပါတယ်။ ကျန်းမာရေးဝန်ထမ်း ၁၄၇ ဦး အတွက် မြောက်ဥက္ကလာပမြို့နယ် သန္တာ အိမ်ရာမှာ သုံးထပ်တိုက် လေးလုံး၊ River View Condo နဲ့ ဦးဝိစာရအဝိုင်းအနီး Golden View မှာနေရာချထားပြီး ပြင်ဆင်ပေးပါတယ်။ စားသောက်ရေးနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာရှိတဲ့ အစိုးရဆေးရုံတွေ၊ ဆေးတက္ကသိုလ်(၂) နဲ့ အခြားစုရပ် စုစုပေါင်း ၁၈ နေရာမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေအတွက် စီစဉ်ဆောင်ရွက်ပေး ပါတယ်။ မတ် ၃၀ ရက်နေ့ကနေ ဒီနေ့အထိ ထမင်းဘူးပေါင်း ၂၉၆၀၈ ဘူး၊ ဆောက်လုပ် ရေး ဝန်ထမ်းတွေအတွက် ၁၃၈၈၁ ဘူးကို စီစဉ် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ သယ်ယူပို့ဆောင် ရေးနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေ သွားလာရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ပါ တယ်။ နောက် Quarantine ခရီးသည်များ၊ လေဆိပ်နှင့် အဝေးပြေး၊ ဘူတာကြီးစတဲ့နေရာ များအထိ ခရီးသည်များကြိုပို့ရေး၊ ဆောက်လုပ် ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရေး စတာ တွေကို နေ့စဉ်ဆောင်ရွက်ပေးနေပါတယ်။ ယနေ့အထိ ကြိုပို့ယာဉ် အစီး ၁၈၀၊ စားသောက် ရေးအတွက် ၂၀၈ စီး၊ Quarantine ခရီး သည်တွေအတွက် ၇၄ စီး၊ လုပ်ငန်းသုံးပစ္စည်း များ သယ်ယူပို့ဆောင်ရေးအတွက် ၁၀၁ စီး ဆောင်ရွက်ပေးထားပါတယ်။

တွေ့ဆုံမေးမြန်း-ညွန့်ကိုကို
ဓာတ်ပုံ- ဇော်မင်းလတ်


ဆက်လက်ဖော်ပြပါမည်။