ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း(၁ဝ)ခုမှ လစ်လပ်ရာထူး (၁၉၅)နေရာများအတွက် လူတွေ့နှုတ်ဖြေစစ်ဆေးခြင်း လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၁၃

ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကြော်ငြာစာအမှတ် (၃/၂၀၂၀)ဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း(၁ဝ)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့်စတင်ခန့် လစ်လပ်ရာထူး (၁၉၅)နေရာ အတွက် ရေးဖြေစာမေးပွဲကို ဇွန် ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် စာစစ်ဌာန (၅)ခု၌ ကျင်းပခဲ့ရာ ဖြေဆိုသူ (၈၁၄)ဦးမှ ရေးဖြေအောင်မြင်သူ (၂၅၀)အား စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်းများကို နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် (၃)နေရာခွဲ၍ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့် အတူ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များက အောက်တိုဘာ ၁၀ ရက်မှ ၁၄ ရက်အထိ ရေးဖြေအောင်မြင်သူ ၈၂ ဦးတို့အား ရန်ကုန်မြို့၌  စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေး ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ပြည်ထောင်စုရာ ထူးဝန်အဖွဲ့အနေဖြင့် ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူး (၁၉၅) နေရာအတွက် ရေးဖြေအောင်မြင်သူ (၁ဝ၅)ဦးတို့အား စက်တင်ဘာ ၃ဝ ရက်မှ အောက်တိုဘာ ၄ ရက်  နေပြည်တော်တွင်လည်းကောင်း၊ ရေးဖြေအောင်မြင်သူ (၆၃)ဦးတို့အား အောက်တိုဘာ ၅ ရက်မှ ၈ ရက်အထိ မန္တလေးမြို့တွင်လည်းကောင်း စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။  

သတင်းစဉ်