ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း mVoter 2020 မိုဘိုင်းအက်ပလီကေးရှင်းမိတ်ဆက်ပွဲ တက်ရောက်

နေပြည်တော် ၂၉ စက်တင်ဘာ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် The Asia Foundation ၊ International Institute for Democracy and Electoral Assistance (International IDEA) တို့ ပူးပေါင်းဆောင်ရွက်သည့် mVoter 2020 မိုဘိုင်းအက်ပလီကေးရှင်း မိတ်ဆက်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အွန်လိုင်းဖြင့် ကျင်းပသည်။

 

aa1

 

အွန်လိုင်းမိတ်ဆက်ပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ The Asia Foundation ၊ International IDEA ၊ European Union နှင့် PopStack အဖွဲ့တို့မှ တာဝန်ရှိသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။   

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ယနေ့ mVoter 2020 Application ကို လွှင့်တင်နိုင်ခဲ့သည့်အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ယခု mVoter 2020 Application သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလတွင် Stay at Home နေထိုင်ရသည့်မြို့နယ်များမှ မဲဆန္ဒရှင်ပြည်သူများအတွက် ပို၍အထောက်အကူပြုစေမည်ဟု ယုံကြည်ပါကြောင်း။

ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံများအနေဖြင့် ရွေးကောက်ပွဲသည် အဓိကဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်ပြည်သူများက ရွေးကောက်ပွဲမှတစ်ဆင့် နိုင်ငံ့အကျိုးကို သယ်ပိုးဆောင်ရွက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များကို ဆန္ဒမဲပေးရွေးချယ်ကြရမည် ဖြစ်ပါကြောင်း၊ ထိုသို့ ရွေးချယ်ဆန္ဒ မဲပေးနိုင်ရန် မိမိတို့ ဆန္ဒမဲပေးရွေးချယ်ရမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်၊ အရည်အချင်း၊ အတွေ့အကြုံ စသည့် အချက်အလက်များ၊ ၎င်းတို့ကိုယ်စားပြုသည့် နိုင်ငံရေးပါတီများ၏ မူဝါဒ၊ သဘောထားနှင့် လုပ်ငန်းစဉ်များ ကိုလည်း သိရှိရန်လိုအပ်ပါကြောင်း။  

ယနေ့ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းမှတစ်ဆင့် အင်တာနက်သုံးစွဲသူ (၂၂)သန်းခန့်ရှိပြီး မိုဘိုင်းဖုန်းသုံးစွဲသူ မဲဆန္ဒရှင်များအနေဖြင့် ယခု mVoter 2020 Application မှတစ်ဆင့် ရွေးကောက်ပွဲဆိုင်ရာ သိရှိလိုသည့် အချက်အလက်များကို ရှာဖွေကြည့်ရှုနိုင်မည် ဖြစ်ပါကြောင်း၊ mVoter 2020 Application ကို ရိုးရှင်းလွယ်ကူစွာ အသုံးပြုနိုင်သည့် ပုံစံဖြစ်စေရန် တည်ဆောက်ထားသည်ကို တွေ့ရှိရပါကြောင်း၊ ယခု mVoter 2020 Application တွင် သက်ဆိုင်ရာမဲဆန္ဒ နယ်မြေများအလိုက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများနှင့် သက်ဆိုင်သည့် အချက်အလက်များ၊ နိုင်ငံရေးပါတီမူဝါဒများ၊ ရွေးကောက်ပွဲနှင့် စပ်လျဉ်းပြီး မဲဆန္ဒရှင်များ မေးလေ့မေးထရှိသည့် မေးမြန်းချက်များနှင့် ဖြေကြားချက်များ၊ မဲပေးပုံပေးနည်း၊ ခိုင်လုံမဲ၊ ပယ်မဲ သတ်မှတ်ချက်များ၊ ကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သတင်းအချက်အလက်များ ပါဝင်ပါကြောင်း။

မဲဆန္ဒရှင်ပြည်သူလူထုအတွက် ဆန္ဒမဲပေးရာတွင် များစွာအထောက်အကူဖြစ်စေသည့် mVoter 2020 Application ကို ရေးဆွဲလွှင့်တင်နိုင်ရန် ပံ့ပိုးကူညီခဲ့ကြသည့် The Asia Foundation နှင့်  International IDEA ၊ Application  ကို အခမဲ့ ကူညီရေးဆွဲပေးခဲ့သည့် PopStack အဖွဲ့တို့ကို  အထူးကျေးဇူးတင်ရှိပါကြောင်း၊ လုပ်ငန်းတစ်ခု၏ အစတွင် အားနည်းချက်၊ ချို့ယွင်းချက်များ ရှိနိုင်သည့်အတွက် ယခု mVoter 2020 Application ကို စတင်အသုံးပြုချိန်တွင် အားနည်းချက်၊ ချို့ယွင်းချက်များရှိခဲ့ပါလျှင်လည်း မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သည်းခံခွင့်လွှတ်စိတ်ဖြင့် ကြည့်ရှုပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် The Asia Foundation အဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Mark McDowell ၊ ဥရောပသမဂ္ဂသံရုံး၊ သံရုံးယာယီတာဝန်ခံ Mr. Johann Hesse နှင့် မြန်မာ နိုင်ငံဆိုင်ရာ International IDEA ရုံးအကြီးအကဲ Mr. Marcus Brand တို့က ကျေးဇူးတင်စကားပြောကြားခဲ့ကြပြီး PopStack အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက mVoter 2020 Application အသုံးပြုပုံကို အသေးစိတ်ရှင်းလင်း ပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို The Asia Foundation အဖွဲ့က ပြန်လည်ရှင်းလင်းဖြေကြားသည်။

mVoter 2020 Application ကို www.maepaysoh.org တွင် တိုက်ရိုက် download ရယူနိုင်ကြောင်းနှင့် အသုံးပြုပုံ အဆင့်ဆင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ Website www.uec.gov.mm နှင့် UEC Facebook Page တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

သတင်းစဉ်