ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခြင်း

နေပြည်တော်   ၂၉   ဇူလိုင်     


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်  ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ ရွေးကောက်ပွဲဆိုင်ရာကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပါသည်။


အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ်၊ ဦးသန်းဌေးနှင့် ဦးဆွေတင့်လွင် (ရှမ်းပြည်နယ်တာဝန်ခံများ) တက်ရောက်ခဲ့ပြီး ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲအရာရှိများ၊ နိုင်ငံရေးပါတီ (၁၆) ခုမှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှပါဝင်ပတ်သက်သော အရပ်ဘက် လူမှုအဖွဲ့အစည်း (၃) ဖွဲ့မှ ကိုယ်စားလှယ်များ စုစုပေါင်းအင်အား (၁၁၀) ဦး တက်ရောက်ခဲ့သည်။    


အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းဌေးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲများကို ကျင်းပရာတွင် သတ်မှတ်ထားသော စံ (၅) ချက်ဖြစ်သည့် လွတ်လပ်ရမည်၊ တရားမျှတရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများယုံကြည်လက်ခံမှုရှိရမည်၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်ရမည် ဆိုသည့်အချက်များနှင့်အညီ ကျင်းပပေးလျက် ရှိပါကြောင်း၊  ၂၀၁၉ ခုနှစ်ကို အခြေခံ မဲဆန္ဒရှင်စာရင်းပြုစုရေးနှစ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး ပထမအဆင့်အနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း အမှန်တကယ်နေထိုင်သော လူဉီးရေစာရင်းများကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကောက်ယူပြုစုစိစစ်လျက်ရှိပါကြောင်း၊ အဆိုပါလူဦးရေစာရင်းကို အခြေခံမဲဆန္ဒရှင်စာရင်းအဖြစ်သို့ ပြောင်းလဲပြုစုသွားမှာဖြစ်သဖြင့် လူဦးရေစာရင်းမှန်ကန်စေရေးသည် အထူးအရေးကြီးပါကြောင်း၊ လူဦးရေစာရင်းကောက်ယူရာမှာ ပြည်သူလူထု၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှလည်း လုပ်ငန်းစဉ်များတွင် ပူးပေါင်းကူညီ ဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။


ယင်းနောက် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထင်ကျော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာစီမံကိန်း ( ၂၀၁၉  - ၂၀၂၂ ) ကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး ရှမ်းပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးဇော်မြင့်ဝင်းက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လူဦးရေစာရင်း ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။


ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှပါဝင်ပတ်သက်သော အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၏ အကြံပြုဆွေးနွေးချက်များနှင့် မေးမြန်းချက်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်၊ ဦးသန်းဌေး၊ ဦးဆွေတင့်လွင်တို့က ပြန်လည် ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်

 

1