ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် (၁၇)ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ ဗီဒီယိုမိန့်ခွန်းပြောကြား

articles_advs

နေပြည်တော် ၂၇  နိုဝင်ဘာ

နိုင်ငံတော်သမ္မတဦးဝင်းမြင့် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အဆွေတော် သမ္မတကြီး ရှီကျင့်ဖျင်၊ အခမ်းအနားသို့ တက်ရောက်လာကြတဲ့ အဆွေတော်များနဲ့ ဂုဏ်သရေရှိဧည့်သည်တော်များခင်ဗျား၊ 

(၁၇)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲဖွင့်ပွဲ အခမ်းအနားမှာ မိမိအနေနဲ့ မိန့်ခွန်းပြောကြားခွင့်ရ တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ 

ယနေ့ကမ္ဘာကြီးမှာ လူနေမှုပုံစံကို အပြောင်းအလဲများစွာဖြစ်စေတဲ့ COVID-19 ကြောင့် ကျန်းမာရေး အကျပ်အတည်းကို ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့လည်း စိန်ခေါ်မှုများစွာကြားက (၁၇)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို ယခုနှစ်မှာ အောင်မြင်စွာစီစဉ်ကျင်းပနိုင်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။ 

မိမိတို့အနေနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်သူများအကြား ကူးလူးဆက်သွယ်မှုတို့မှတစ်ဆင့် အာဆီယံ-တရုတ် မဟာဗျူဟာမြောက်မိတ်ဖက် ဆက်ဆံရေးကို ပိုမိုမြှင့်တင်နိုင်မယ့် နည်းလမ်းများကိုရှာဖွေရာမှာ ယခုကျင်းပတဲ့ (၁၇)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲဟာ အရေးပါတဲ့နေရာတစ်ခုအဖြစ် ဆက်လက် တည်ရှိလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ 

အဆွေတော်များနဲ့ ဧည့်သည်တော်များခင်ဗျား၊

မိမိတို့အနေနဲ့ ၂၀၂၀ ပြည့်နှစ်ကို "အာဆီယံ-တရုတ် ဒစ်ဂျစ်တယ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှစ်" အဖြစ် သတ်မှတ်ထားတာဖြစ်တဲ့အတွက် (၁၇)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနဲ့ တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ "ဒစ်ဂျစ်တယ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု တိုးတက်ခိုင်မာစေဖို့ ရပ်ဝန်းနှင့်ပိုးလမ်းမ ထူထောင်စို့” ဟာ အချိန်ကိုက်ဖြစ်ပြီး အလွန်လျော်ကန် သင့်မြတ်မှု ရှိပါတယ်။

ကမ္ဘာ့ကပ်ရောဂါကို မိမိတို့အားလုံး ရင်ဆိုင်နေရတဲ့အချိန်မှာ ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စတော့ရှယ်ယာစျေးကွက်နဲ့ အခြားသော စီးပွားရေးလုပ်ငန်းတွေမှာ ဒစ်ဂျစ်တယ်နည်းပညာကို ပိုမို မှီခိုအားထား နေရတာဖြစ်တဲ့အတွက် ဒစ်ဂျစ်တယ်စီးပွားရေးဟာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လျက်ရှိပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့ တရုတ်နိုင်ငံတို့ဟာ ဒစ်ဂျစ်တယ်နည်းလမ်းအပါအဝင် နည်းမျိုးစုံနဲ့ ပေါင်းစပ် ဆက်သွယ်ထားပါတယ်။ ဒါပေမဲ့လည်း မိမိတို့အကြားမှာ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မတူညီကြတဲ့ အတွက် ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံတွေကို တည်ဆောက်ရာမှာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ဖို့ လိုအပ်လျက်ရှိပါတယ်။ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းလာခြင်းက ပြည်သူ များအကြား အင်တာနက်သုံးစွဲနိုင်မှုကိုပိုမို တိုးတက်ကောင်းမွန်လာစေမှာဖြစ်တဲ့အတွက် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေလိမ့်မယ်လို့ မိမိအနေနဲ့ ယုံကြည်ပါတယ်။ 

အဆွေတော်များနဲ့ ဧည့်သည်တော်များခင်ဗျား၊

တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ အာဆီယံရဲ့ အရေးပါပြီး ယုံကြည်အားထားရတဲ့ မိတ်ဖက်နိုင်ငံ ဖြစ်ပါတယ်။ အာဆီယံ-တရုတ် မိတ်ဖက်ဆက်ဆံရေးဟာ ကဏ္ဍပေါင်းစုံမှာ ပုံမှန်တိုးတက်လျက်ရှိပြီး၊ ဒေသတွင်း တည်ငြိမ် အေးချမ်းရေးနဲ့ သာယာဝပြောရေးကို အထောက်အကူပြုလျက်ရှိပါတယ်။

အာဆီယံ-တရုတ် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို “ဘက်ပေါင်းစုံ ဗျူဟာမြောက် မိတ်ဖက ဆက်ဆံရေး”သို့ အဆင့်မြှင့်တင်ရေးနဲ့ ၂၀၂၁ ခုနှစ်ကို "အာဆီယံ-တရုတ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေးနှစ်" အဖြစ် သတ်မှတ်ရေး ကိစ္စရပ်များအပါအဝင် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာ စေရေးအတွက် တရုတ်နိုင်ငံက အဆိုပြုထားတဲ့အစီအစဉ်များကို မြန်မာနိုင်ငံအနေနဲ့ ကြိုဆိုကြောင်း ပြောကြား လိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အာဆီယံဦးဆောင်တဲ့ယန္တရားတွေမှာ တက်ကြွစွာပူးပေါင်းပါဝင်ပြီး၊ အာဆီယံအသိုက်အဝန်း ထူထောင်ရေး ကြိုးပမ်းဆောင်ရွက်မှုများနဲ့ အာဆီယံ ပေါင်းစည်းရေးလုပ်ငန်းစဉ်များကို ကူညီပံ့ပိုးလျက်ရှိတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။  
    
မိမိအနေနဲ့ အာဆီယံနဲ့ တရုတ်နိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးတက်နေတာကို တွေ့မြင်ရတဲ့အတွက်လည်း ဝမ်းမြောက်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ အာဆီယံရဲ့ ကုန်သွယ်မှုအများဆုံး မိတ်ဖက်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်လျက်ရှိသလို အာဆီယံမှာ တတိယအများဆုံး လာရောက်ရင်းနှီးမြှုပ်နှံ တဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ 

အာဆီယံနဲ့ တရုတ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏဟာ ၂၀၁၉ ခုနှစ်မှာ အမေရိကန် ဒေါ်လာ (၅၀၇.၉) ဘီလီယံရှိပြီး၊ အာဆီယံ စုစုပေါင်းကုန်သွယ်မှုရဲ့ (၁၈)ရာခိုင်နှုန်းရှိသလို တရုတ်နိုင်ငံမှ အာဆီယံသို့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဟာ ၂၀၁၉ ခုနှစ်မှာ အမေရိကန် ဒေါ်လာ (၉.၁) ဘီလီယံရှိပြီး အာဆီယံစုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏရဲ့ (၅.၇) ရာခိုင်နှုန်းရှိတာကို ကျေနပ်အားရဖွယ် တွေ့မြင်ရပါတယ်။ 

ယခုနှစ်ဟာ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်ခြင်း (၁၀)နှစ်ပြည့်မြောက်တဲ့နှစ် ဖြစ်ပါတယ်။ မိမိတို့ရည်မှန်းထားတဲ့အတိုင်း ယခုနှစ်ကုန်မှာ နှစ်ဖက်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ (၁)ထရီလီယံနဲ့ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁၅၀)ဘီလီယံ ပြည့်မီနိုင်ရေးအတွက် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူစာချုပ်နဲ့ ယင်းစာချုပ်ရဲ့ နောက်ဆက်တွဲ သဘောတူစာချုပ်တို့ကို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။ 

“ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်” ဟာ လွတ်လပ်ပြီး အားလုံးပါဝင်၍ စည်းမျဉ်းကိုအခြေခံတဲ့ နိုင်ငံတကာ ကုန်သွယ်ရေးပတ်ဝန်းကျင်အတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ 

မိမိတို့အနေနဲ့ အပြုသဘောဆောင်တဲ့ အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းပြီး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးတက်ခိုင်မာတဲ့ အခြေအနေကို အကျိုးရှိစွာ အသုံးချရမှာဖြစ်သလို “အာဆီယံပေါင်းစည်းဆက်သွယ်မှု မဟာစီမံကိန်း (၂၀၂၅)” နဲ့ “ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း” တို့ရဲ့ တူညီတဲ့ ဉီးစားပေးလုပ်ငန်းစဉ်တို့ကို ပေါင်းစပ် အကောင်အထည်ဖော်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်မယ့် နည်းလမ်းများကိုလည်း ရှာဖွေ ဖော်ထုတ်ကြရမှာ ဖြစ်ပါတယ်။

အဆွေတော်များနဲ့ ဧည့်သည်တော်များခင်ဗျား၊

ယခုနှစ်ဟာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်တာ နှစ်(၇၀)ပြည့်တဲ့နှစ် ဖြစ်တဲ့အတွက် နှစ်နိုင်ငံဆက်ဆံရေးမှာ ထူးခြားတဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ ယခုနှစ်၊ ဇန်နဝါရီလမှာ မြန်မာ နိုင်ငံကိုလာရောက် ခဲ့တဲ့ သမ္မတ ရှီကျင့်ဖျင်ရဲ့ ချစ်ကြည်ရေးခရီးစဉ်ဟာ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည် ရင်းနှီးမှုကို ပိုမိုတိုးတက်ခိုင်မာစေခဲ့သလို နှစ်ဦးနှစ်ဖက်အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုတိုးမြှင့် စေခဲ့ပါတယ်။ 

သမ္မတရှီကျင့်ဖျင်ရဲ့ ချစ်ကြည်ရေးခရီးစဉ်အတွင်း မိမိတို့အနေနဲ့ “မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း” ထူထောင်ရေး၊ ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်းနဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းတို့ အပါအဝင် ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြဖို့ သဘောတူညီခဲ့ ကြပါတယ်။

မိမိတို့ရဲ့ အမျိုးသားစီမံကိန်းနဲ့ ဦးစားပေးလုပ်ငန်းစဉ်တို့နဲ့အညီ ရွေးချယ်သတ်မှတ်ထားတဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်းများဟာ ပြည်တွင်းဆက်သွယ်မှုကို သာမက နယ်စပ်ဖြတ်ကျော် ဆက်သွယ်မှုကိုပါ တိုးမြှင့်ပေးနိုင်မယ့် အခြေခံ အဆောက် အအုံဖွံ့ဖြိုးတိုးတက် စေရေး ကြိုးပမ်းဆောင်ရွက်မှုများကို အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ယုံကြည်ပါတယ်။  

ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်းများကို နှစ်နိုင်ငံလုံးအတွက် အကျိုးရှိအောင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနဲ့ ဒစ်ဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ခြင်းတို့ဟာ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီး ပေးရေးနဲ့ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ပိုမိုမြှင့်တင်ရေးတို့ကို အထောက်အကူပြုစေမှာ ဖြစ်သလို COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးထိခိုက်နစ်နာမှုများကိုလည်း လျှော့ချစေနိုင် မယ်လို့ ယုံကြည်ပါတယ်။  

(၁၇)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနဲ့ တရုတ်-အာဆီယံစီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ပါစေကြောင်း ဆန္ဒပြုပါတယ်။ 

ကျေးဇူးတင်ပါတယ်။