ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်သွင်းထားသော ရာဇဝတ်/တရားမ/စာချွန်တော် မှုခင်းများကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကြားနာမည်

နေပြည်တော်  ၂၅  နိုဝင်ဘာ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်သွင်းထားသော ရာဇဝတ်ဆိုင်ရာမှုခင်းများ၊ တရားမဆိုင်ရာမှုခင်းများအနက် လက်ခံသင့် မသင့်ကြားနာရန် အမှုများ၊ စာချွန်တော်ဆိုင်ရာ မှုခင်းများအနက် ကနဦးကြားနာရန် အမှုများကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၉ နာရီမှ စတင်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ရုံးခန်းအမှတ် (၂) / (၃) တို့တွင် ဗီဒီယိုကွန် ဖရင့်စနစ်ဖြင့် ကြားနာမည်ဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကြေညာချက် ထုတ်ပြန်ထားသည်။

 

ထိုသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အမှုများကြားနာစီရင်ခြင်းကို Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ အသွားအလာ ကန့်သတ်ချက်များ ရုပ်သိမ်းပြီးနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အမိန့်တစ်စုံတစ်ရာ ထပ်မံထုတ်ပြန်သည့်အချိန်ထိ ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ကြားနာမည့် အမှုစာရင်းများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး Website: www.unionsupremecourt.gov.mm နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်သူ့ဆက်ဆံရေးဌာနခွဲ၏ Facebook: https://www.facebook.com/ousc.publicrelations တို့တွင် ရက်သတ္တပတ် (၃) ပတ်ကြိုတင်၍ ကြည့်ရှုနိုင်သည်။

 

ကြားနာမည့်အမှုများမှ တရားလွှတ်တော်ရှေ့နေများ၊ အမှုသည်များသည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကြားနာခြင်းကို ဆောင်ရွက်နိုင်ခြင်းမရှိပါက သက်ဆိုင်ရာဌာနများသို့ ကြားနာမည့်ရက်မတိုင်မီ (၅) ရက် ကြိုတင်အကြောင်းကြားရန် ဖြစ်ပြီး အဆိုပါအမှုများကို Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ အသွားအလာကန့်သတ်ချက်များ ရုပ်သိမ်းပြီးနောက်တွင် လျာထားပေးမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)