ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဧရာဝတီတိုင်းဒေသကြီးအတွင်း ဌာနလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂၄        

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် ဇွန် ၂၃ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ်ဘူတာ၊ ပုသိမ်မြစ်အတွင်း မြစ်ကြမ်းခင်းမြေသား စွမ်းအင်မြှင့်တင်ပေးခြင်း လုပ်ငန်းနေရာ၊  ကမ်းနားလမ်းတိုးချဲ့ခြင်းနှင့် ကမ်းနားတစ်လျှောက် သာယာလှပရေးလုပ်ငန်းနေရာနှင့် အပြည်ပြည်ဆိုင်ရာ ရေအောက် ဆက်သွယ်ရေးစခန်းတို့ကို ကြည့်ရှု့စစ်ဆေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက် ၈ နာရီတွင် ပုသိမ်ဘူတာ၌ မြန်မာ့မီးရထားမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ရထားစီးခရီးသည်များ စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်ရေး၊ ရထားများ အချိန် မှန်ကန်မှုရှိစေရေး၊ ရထားလမ်းများ ကောင်းမွန်စေရေး၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရေး မှာကြားပြီး ပုသိမ်ဘူတာကို ကြည့်ရှု့ စစ်ဆေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြစ်၊ မြစ်ကြမ်းခင်း မြေသားစွမ်းအင် မြှင့်တင်ခြင်း လုပ်ငန်းနေရာတွင် တာဝန်ရှိသူက ရေပြင်ပိုင်းနှင့်ဆက်စပ်သည့် ကုန်းတွင်းပိုင်းတွင် ဆောင်ရွက်မည့် လုပ်ငန်းများ၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် ပုသိမ်မြစ်အတွင်း မြစ်ကြမ်းခင်း မြေသားစွမ်းအင် မြှင့်တင်ပေးခြင်းလုပ်ငန်း၊ ပုသိမ်ကမ်းနားလမ်း တိုးချဲ့ခြင်းလုပ်ငန်းနေရာများကို ကြည့်ရှု့စစ်ဆေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ဧရာရွှေဝါခန်းမ၌ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်းအဖွဲ့အစည်းများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပြီး လိုအပ်သည်များကို မှာကြားကာ ဌာနများမှ အရာထမ်း၊ အမှုထမ်း များအား စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့ အပြည်ပြည်ဆိုင်ရာ ရေအောက်ဆက်သွယ်ရေး စခန်းသို့ရောက်ရှိပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာက ရေအောက်ကေဘယ် ဆက်သွယ်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်