ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပညာရေးစီမံခန့်ခွဲမှု အွန်လိုင်းသင်တန်းဖွင့်ပွဲ တက်ရောက်

နေပြည်တော်၊  ၁၈  ဇန်နဝါရီ

ရန်ကုန်ပညာရေးတက္ကသိုလ်က အွန်လိုင်းစနစ်ဖြင့် ဖွင့်လှစ်သင်ကြားသည့် ပညာရေးစီမံခန့်ခွဲမှု (Certificate in Educational Management - CEM, Batch-2) အွန်လိုင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင်  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက CEM အွန်လိုင်းသင်တန်း အမှတ်စဉ်(၁)ကို  သင်တန်းကာလ (၈)ပတ်ကြာ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့မှုအတွက် ဂုဏ်ယူဝမ်းမြောက် မှတ်တမ်းတင်ပါကြောင်း၊ ယခုသင်တန်းတွင် ပညာရေးနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ၊ ဦးစီးဆောင်ရွက်မှုများ၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုများ၊ သုတေသနနှင့် စီမံကိန်းရေးဆွဲခြင်းများ၊ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ စီမံခန့်ခွဲမှုများ၊ ဆက်သွယ်ပြောဆိုမှု စွမ်းရည်များ စသည့်ပို့ချချက်များသည် တက်ရောက်သည့် သင်တန်းသား အရာရှိကြီးများအတွက် လက်တွေ့မြေပြင်တွင် စီမံခန့်ခွဲမှုများ ဆောင်ရွက်သည့်အခါ များစွာ အထောက်အကူ ပြုမည်ဖြစ်ပါကြောင်း။

 

၂၁ ရာစုနှင့် လိုက်လျောညီထွေဖြစ်သော အရည်အသွေးရှိသည့် ပညာရေးကို ဦးတည်၍ အကောင်အထည်ဖော်ရာတွင် စုပေါင်းအင်အားဖြင့် တာဝန်ယူတာဝန်ခံပြီး လက်တွေ့အကျိုးရှိ ထိရောက်ပွင့်လင်းမြင်သာမှုရှိသော ဖြေရှင်းဖြည့်ဆည်း အကောင်အထည်ဖော် ဆောင်ရွက်မှုများသည် အရေးကြီးပါကြောင်း၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို အထောက်အကူပြုသည့် အရည်အသွေးရှိသော ပညာရေးစနစ်ဖြစ်ရန်အတွက် တိုင်းရင်းသားဒေသများကို ဦးစားပေး၍ လူတိုင်း အကျုံးဝင် သင်ယူမှုအခွင့်အလမ်း မြှင့်တင်ခြင်း၊ ဆရာအရည်အချင်း စံသတ်မှတ်ချက် အညွှန်းဘောင်နှင့်အညီ ဆရာ၊ ဝန်ထမ်းများ ဖြည့်ဆည်းခြင်း၊ နည်းပညာနှင့် အခြေခံအဆောက်အအုံများ ဖြည့်ဆည်းခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ဆရာ၊ ဆရာမ၊ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ အသုံးချ သုတေသနလုပ်ငန်းများ ဆောင်ရွက်မှုနှင့် သုတေသနဂျာနယ်များတွင် သုတေသန စာတမ်းများ ရေးသားမှုကို အားပေးလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ၂၁ ရာစုနှင့် လိုက်လျောညီထွေရှိသည့်  သင်ရိုးညွှန်းတမ်းများဖြစ်ရန် ပြင်ဆင်မြှင့်တင်ခြင်း၊ High-Tech Learning, High-Touch Learning, Blended Learning စသည့် သင်ကြားသင်ယူမှု နည်းလမ်းများ သင်တန်း ပေးဆောင်ရွက်ခြင်း၊ မတူညီသည့် အခြေအနေများနှင့် လိုက်လျောညီထွေရှိသည့် စစ်ဆေးအကဲဖြတ်ခြင်း၊ သီအိုရီနှင့် လက်တွေ့ ပေါင်းစပ်၍ လုပ်ငန်းခွင်တွင် ကျွမ်းကျင်မှုနှင့် စွမ်းဆာင်ရည် မြင့်မားလာစေရေးအတွက် စီးပွားရေး လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဒေသအကျိုးပြု၊ ပြည်ထောင်စုအကျိုးပြု ဘွဲ့သင်တန်းများနှင့် တစ်သက်တာ ပေါင်းစပ်သင်ယူမှု အခွင့်အလမ်းများ စီစဉ်ဆောင်ရွက်ခြင်းတို့ကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း။

 

အရည်အသွေးရှိသည့် ပညာရေးကို ဦးတည်၍ အကောင်အထည်ဖော်ရာတွင် အဓိက အရေးပါသူများမှာ စီမံခန့်ခွဲသူများ ဖြစ်ပါကြောင်း၊ ဦးစီးဆောင်ရွက်သူများက ဘက်မလိုက် အုပ်စုမဖွဲ့ဘဲ တရားမျှတစွာ ဖြေရှင်းဖြည့်ဆည်း စီမံခန့်ခွဲမှသာ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ တိုင်းရင်းသားပြည်သူများ၏ ယုံကြည်မှုကိုရရှိမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကလည်း ပညာရေးတွင် အထူးလိုအပ်ချက်များပြားသဖြင့် ပိုမိုရင်းနှီးမြုပ်နှံ အားပေး ပံ့ပိုးမည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း။

 

သင်ကြားသင်ယူရေးဆိုင်ရာ လုပ်ငန်းများ၊ ဝန်ထမ်းနှင့် ရုံးလုပ်ငန်း စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများ၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများကို မေတ္တာ၊ ဂရုဏာ စိတ်ဓာတ်အပြည့်ဖြင့် ဦးစီးဆောင်ရွက်နိုင်ရန် အရေးကြီးပါကြောင်း၊ ဦးစီးဆောင်ရွက်သူက ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ ညီညီညွတ်ညွတ် စုပေါင်းအင်အားဖြင့် တာဝန်ယူတာဝန်ခံ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးအတွက် ကျွမ်းကျွမ်းကျင်ကျင် စွမ်းဆောင်ရည်ပြည့်ဝစွာ စီမံခန့်ခွဲ ဖြေရှင်း ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးသည် အရေးပါသဖြင့် ယခုပညာရေးစီမံခန့်ခွဲမှု သင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း။

 

ယခုသင်တန်းမှ ပို့ချသည့် ပညာရေးဆိုင်ရာ ဦးစီးဆောင်ရွက်ခြင်း၊ လူ့စွမ်းအား အရင်းအမြစ်များကို စီမံခန့်ခွဲခြင်း၊ သုတေသနနှင့် စီမံကိန်းရေးဆွဲခြင်း၊ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ စီမံခန့်ခွဲခြင်း၊ ဆက်သွယ်ပြောဆိုမှု စွမ်းရည်မြှင့်တင်ခြင်း စသည်တို့ကို ပညာရေးမိသားစုစိတ်ဓာတ်၊ အသင်းအဖွဲ့စိတ်ဓာတ်အပြည့်ဖြင့် ပူးပေါင်းသင်ယူကြရန်လိုပါကြောင်း၊ လက်တွေ့ကြုံတွေ့ နေရသည့် သင်ကြားသင်ယူရေး၊ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများ၊ စိန်ခေါ်မှု များကိုလည်း ယခုသင်တန်းတွင် အများစုက လက်ခံနိုင်မည့် ဖြေရှင်းဖြည့်ဆည်းနိုင်မှုများကို ညှိနှိုင်းဆွေးနွေး အဖြေရှာကြရန်လိုပါကြောင်း၊ မိမိတာဝန်ထမ်းဆောင်သည့် ကျောင်း၊ သိပ္ပံ၊ တက္ကသိုလ်၊ ရုံး၊ ဦးစီးဌာနရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများသည် ၂၁ ရာစုဆိုင်ရာ ကျွမ်းကျင်မှုနှင့် စွမ်းဆောင် ရည်မြှင့်တင်ရေး၊ အမျိုးသား ပညာအရည်အချင်း အညွှန်းဘောင် (National Qualification Framework-NQF)နှင့် အညီ အဆင့်တိုင်း၌ အရည်အသွေးအာမခံမှုရှိသည့် ကျန်းမာလုံခြုံသော သင်ယူမှုဝန်းကျင်ကောင်းဖြစ်ရေးအတွက် ညီညီညွတ်ညွတ်ဖြင့် အကျိုးရှိ ထိရောက် ပွင့်လင်းမြင်သာစွာ ပူးပေါင်း စီမံဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးသဘောတရားနှင့် ပညာရေးစီမံခန့်ခွဲမှုဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာခင်မာနီက CEM သင်တန်းနှင့်ပတ်သက်ပြီး မိတ်ဆက်ရှင်းလင်း တင်ပြသည်။

 

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ သင်တန်းတက်ရောက် လာကြသည့် စီမံခန့်ခွဲရေးအရာရှိ သင်တန်းသား သင်တန်းသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

 

ယခုဖွင့်လှစ်သည့် သင်တန်းတွင် ပညာရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်း အတွင်းဝန်(၁)ဦး၊ ပါမောက္ခချုပ် (၄)ဦး၊ ဒုတိယပါမောက္ခချုပ်(၁၂)ဦး၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး (၁၈)ဦးနှင့် ဒုတိယကျောင်းအုပ်ကြီး(၂၄)ဦး စုစုပေါင်း (၅၉)ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၈ ရက်မှ မတ်လ ၁၈ ရက်အထိ ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)